ညောင်ဦး ဇန်နဝါရီ ၁၀

 

ပြည်တွင်း၊ ပြည်ပ ဘုရားဖူးခရီးသွားဧည့်သည်များ အလေးထားဖူးမြော်ရာ ‌နေရာတစ်ခုဖြစ်သည့် ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်စာရင်းဝင် မန္တလေးတိုင်းဒေသကြီး၊ ပုဂံညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ သမိုင်းဝင် တန်ခိုးကြီးဘုရားတစ်ဆူဖြစ်သည့် အာနန္ဒာဘုရားကြီး ဗုဒ္ဓပူဇနိယပွဲတော်အား နှစ်စဉ် စည်ကားသိုက်မြိုက်စွာ ကျင်းပသော်လည်း ယခုနှစ်တွင် ကိုဗစ်-၁၉ ရောဂါအခြေအနေကြောင့် ပဌာန်းရွတ်ဖတ်ပူဇော်ပွဲနှင့် ဆွမ်းသပိတ်လောင်းလှူခြင်းဖြင့် အကျဉ်းချုံး ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

ထိုသို့ အကျဉ်းချုံးကျင်းပရာ၌ ဗုဒ္ဓပူဇနိယပွဲတော်အထိမ်းအမှတ် ပဌာန်းရွတ်ဖတ်ပူဇော်ပွဲကို ပြာသိုလဆန်း ၁၁ ရက်နေ့မှ ပြာသိုလပြည့်နေအထိ ကျင်းပသွားမည်ဖြစ်ပြီး ဆွမ်းသပိတ်လောင်းလှူပူဇော်ခြင်းကို စေတနာရှင်ပြည်သူများ ကုသိုလ်ပြုလှူဒါန်းနိုင်ရေးအတွက် ပြာသိုလပြည့်နေ့ ဇန်နဝါရီ ၁၆ ရက် နံနက် ၈ နာရီတွင် စတင်ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ လှူဒါန်းရရှိသော ဆွမ်းသပိတ်များနှင့် လှူဖွယ်ပစ္စည်းများကို ကိုဗစ်-၁၉ ရောဂါ ကင်းဝေးစေရန် လူစုလူဝေးမဖြစ်စေရေးအတွက် ဂေါပကအဖွဲ့နှင့် လုပ်အားဒါန ကုသိုလ်ရှင်များအဖွဲ့က ဘုရားကြီးအားအမှူးပြု၍ ပင့်သံဃာအရှင်သူမြတ်များထံ ဆက်ကပ်လှူဒါန်းပေးသွားမည်‌ ဖြစ်ကြောင်း အဆိုပါ အာနန္ဒာဘုရားကြီး ဂေါပကအဖွဲ့ဝင် ဦးကျော်ထွေးထံမှ သိရသည်။

 

ရဲဝင်းနိုင် (ညောင်ဦး)