နောင်တရား ဇန်နဝါရီ ၁၀

 

ကယားပြည်နယ်မှ ခေတ္တခိုလှုံရန်ရောက်ရှိလာသည့် တိုက်ပွဲရှောင်ပြည်သူများကို ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့၌ ဒေသခံပြည်သူများက နွေးထွေးစွာ ကြိုဆိုလက်ခံလျက်ရှိသည်။

 

တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ၍ ခေတ္တခိုလှုံရန် ရောက်ရှိလာသည့် ကယားပြည်နယ်မှ တိုက်ပွဲရှောင်ပြည်သူများကို နောင်တရားမြို့ ဒေသခံပြည်သူများက တည်းခိုရန်နေရာနှင့် အစားအသောက်များ၊ အသုံးအဆောင်ပစ္စည်းများကို ဖြည့်ဆည်းကူညီ ဆောင်ရွက်ပေးလျက်ရှိသည်။

 

“တိုက်ပွဲရှောင်ပြည်သူတွေကို နေရာထိုင်ခင်း ကျယ်ဝန်းတဲ့အိမ်က လက်ခံနိုင်တဲ့ လူဦးရေအလိုက် အခမဲ့ လက်ခံဆောင်ရွက်ပေးတယ်၊ ဘုန်းတော်ကြီးကျောင်းတွေမှာ လက်ခံဆောင်ရွက်ပေးတယ်၊ စားသောက်ရေးကိစ္စများကို အလှူရှင်တွေက ဆန်၊ ဆီ၊ စားနဲ့ အခြားအသုံးအဆောင်ကိုလည်း လှူဒါန်းပေးသွားပါမယ်၊ တိုက်ပွဲရှောင်ကာလအတွင်း ပြင်ပဝင်ငွေရရှိနိုင်အောင် တောင်ယာလုပ်ငန်းတွေမှာ နေ့စား၊ လူငှား လိုက်ချင်ရင်လည်း ကူညီဆောင်ရွက်ပေးပါတယ်” ဟု နောင်တရားဒေသ လူငယ်များ ပရဟိတအဖွဲ့မှ ဦးခွန်ဆန်းဦးက ပြောသည်။

 

အဆိုပါ တိုက်ပွဲရှောင်ပြည်သူများ နောင်တရားမြို့သို့ ရောက်ရှိလာပါက နောင်တရား ဒေသလူငယ်များ ပရဟိတအဖွဲ့သို့ လည်းကောင်း၊ ဒေသခံတစ်ဦးထံမှလည်းကောင်း အကူအညီတောင်းခံလာပါက ကူညီဆောင်ရွက်ပေးရန် အသင့်ရှိကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ၂၀၂၁ ခုနှစ်၊ ဇွန်လအတွင်း ကယားပြည်နယ်၌ ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် ခေတ္တခိုလှုံသည့် တိုက်ပွဲရှောင်ပြည်သူ (၃၀၀)ကျော်ကို ပထဆုံးအကြိမ် ကူညီဆောင်ရွက်ခဲ့ပြီး ယခုအခါတွင် ဒုတိယအကြိမ်မြောက် ကူညီဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း သိရသည်။

 

ခွန်အောင်(နောင်တရား)