မိတ္ထီလာ ဇန်နဝါရီ ၁ဝ

 

မိတ္ထီလာဒေသသို့ ဆောင်းရာသီကာလရောက်တိုင်း နှစ်စဉ်လာရောက်လေ့ရှိသော ဆောင်းခိုငှက်များသည် မိတ္ထီလာမြောက်ကန် ပတ်ဝန်းကျင်တွင် ရောက်ရှိကျက်စားလျက်ရှိကြောင်း သိရသည်။

 

“မိတ္ထီလာဒေသကို ဆောင်းရာသီကာလရောက်တိုင်း နှစ်စဉ်လာရောက်လေ့ရှိတဲ့ ဆောင်းခိုငှက်မျိုးစုံကို မိတ္ထီလာမြောက်ကန် ပတ်ဝန်းကျင်မှာ ရောက်ရှိကျက်စားနေကြတာ တွေ့ရပါတယ်။ မိတ္ထီလာကန်ရေများတဲ့နှစ်တိုင်း ဆောင်းခိုငှက် ပိုမိုများပြားစွာ လာရောက်လေ့ရှိပေမယ့် ဒီနှစ်တော့ ပုံမှန်အရေအတွက်လောက်ပဲ လာရောက်တာ တွေ့မိသေးတယ်။ မိတ္ထီလာမြောက်ကန်မှာရှိတဲ့ ကြာကန်ဘက်နေရာတွေမှာ ညနေရောက်တိုင်း လေးခွနဲ့ ဆောင်းခိုငှက်တွေကို စောင့်ပြီးပစ်ကြတဲ့ ငှက်ပစ်တဲ့သူတွေ များလာတာကြောင့်လည်း မိတ္ထီလာမြောက်ကန်ဘက် ဆောင်းခိုငှက် လာရောက်တာ နည်းသွားတာထင်ပါတယ်။ ကန်ရေ လက်ရှိအခြေအနေထက် ထပ်ပြီးကျသွားရင်တော့ ဆောင်းခိုငှက်တွေ ပိုမိုမြင်တွေ့ရနိုင်ပါတယ်” ဟု မိတ္ထီလာတွင် ဆောင်းခိုငှက်များကို နှစ်စဉ်စောင့်ကြည့်လေ့လာသည့် ငှက်ကြည့်ဝါသနာရှင် တစ်ဦးဖြစ်သူ ကိုရန်နိုင်လှက ပြောသည်။

 

မိတ္ထီလာမြောက်ကန်တွင် ယခုနှစ်ဆောင်းရာသီကာလ၌ ဆောင်းခိုငှက်များအား နန်းတော်ကုန်းရပ်ကွက် မြောက်ဘက်ရှိ ကန်ရေဝပ်ဧရိယာနေရာများတွင် လည်းကောင်း၊ ကုလားမကျွန်းကျေးရွာ၊ အုတ်နှဲဘုတ်ကျေးရွာ၊ အင်းပက်လက်ကျေးရွာနှင့် ကျောက်ဖြူကုန်းကျေးရွာ၊ ရွာမကျေးရွာများအနီးရှိ ကန်ရေဝပ်ဧရိယာများတွင် တွေ့ရှိရသည်။ မိတ္ထီလာဒေသတွင်နှစ်စဉ် ရောက်ရှိကျက်စားလေ့ရှိသည့် ခရုစုပ်ငှက်၊ ဒေါင်းလန်းခြေထောက်၊ ဝမ်းဘဲဟင်္သာ၊ မယ်ညို၊ ရေကြက်ဒုံ  စသည့် ဆောင်းခိုငှက်အများအပြားကို အဆိုပါနေရာများတွင် တွေ့မြင်နိုင်ကြောင်း သိရသည်။

 

ချမ်းသာ (မိတ္ထီလာ)