ရန်ကုန် ဇန်နဝါရီ ၁၀

 

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယမြို့တော်ဝန်၊ အတွင်းရေးမှူး၊ ကော်မတီဝင်များနှင့်အတူ ယနေ့ နံနက် ၈ နာရီတွင် ယာဉ်ယန္တရား စီမံခန့်ခွဲရေးနှင့် ထိန်းသိမ်းရေးဌာန ယန္တရားမောင်း အထူးမွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၂၂) သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။

 

ဖွင့်ပွဲတွင် မြို့တော်ဝန်က “ရန်ကုန်မြို့လူဦးရေ (၇) သန်း အထက်ရှိပြီး နိုင်ငံ၏စီးပွားရေး မြို့တော်ဖြစ်သည်နှင့်အညီ အလုပ်အကိုင် အခွင့်အလမ်းများပြားပြီး လူဦးရေထူထပ်သည့် မြို့တော်ဖြစ်ကြောင်း၊ မြို့တော်အတွင်း မြို့သစ်ဧရိယာတိုးချဲ့ခြင်း၊ အစိုးရစီမံကိန်းများဖြစ်သည့် အိုးအိမ်တိုက်တာ အဆောက်အဦများ ဆောက်လုပ်ခြင်း၊ ရေရရှိရေးနှင့် ရေပေးဝေရေး စီမံကိန်းများဆောက်ရွက်ခြင်း စသည့်လုပ်ငန်းအသစ်များအပြင် မြို့ပြဖွံ့ဖြိုးမှုအင်္ဂါရပ်နှင့် ညီညွတ်ရမည့် လမ်းတံတားလုပ်ငန်းများ၊ ရေစီးရေလာ ကောင်းမွန်ရေးလုပ်ငန်းများ၊ ရေရရှိရေးနှင့် ရေပေးဝေရေးလုပ်ငန်းများ၊ မြို့ပြပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်း အဟောင်းများကိုလည်း ပြုပြင်မွမ်းမံခြင်း၊ တိုးချဲ့ဆောင်ရွက်ခြင်းတို့ကို နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ရေတိုလုပ်ငန်းဆောင်တာ အများအပြားကို ဆောင်ရွက်ရန်အတွက် လူအင်အားနှင့် ဆောင်ရွက်ရန် မလုံလောက်ခြင်းကြောင့် ဘဏ္ဍာရေးနှစ်အလိုက် ဘဏ္ဍာငွေပေါ်မူတည်၍ လိုအပ်သော စက်ယန္တရားမျိုးစုံကို ဝယ်ယူဖြည့်တင်းနေကြောင်း၊ သင်တန်းတက်ရောက်ကြသော ဝန်ထမ်းများသည် လက်တွေ့လုပ်ငန်းတွင် ကွင်းဆင်းဆောင်ရွက်နေသော ဝန်ထမ်းများဖြစ်ပြီး လက်ရှိ ကိုင်တွယ်မောင်းနှင်နေသည့် စက်ယန္တရားများကို စနစ်တကျ နားလည်တတ်ကျွမ်းပြီး ထပ်မံဝယ်ယူမည့် စက်ယန္တရားအသစ်များကိုလည်း ခေတ်မီနည်းပညာအသစ်များ ကိုင်တွယ်ထိန်းသိမ်းမှုပညာများ စနစ်တကျ နားလည်တတ်ကျွမ်းစေရန်၊ ယခုသင်တန်းတွင် သင်တန်းသားများအနေဖြင့် ယန္တရားကိုင်တွယ်ထိန်းသိမ်းမှုကို စာတွေ့၊ လက်တွေ့ သင်ကြား ပို့ချပေးမည်ဖြစ်ကြောင်း ပြောကြားပြီး သင်တန်းတွင်အသုံးပြုမည့် သင်တန်းသုံး စက်ယန္တရားများကို ကြည့်ရှုစစ်ဆေးသည်။

ယခုသင်တန်းသို့ ကော်မတီအတွင်း ယန္တရားများအသုံးပြုနေသည့်ဌာန ခြောက်ခုမှ ဝန်ထမ်း သင်တန်းသား ၃၆ ဦးတက်ရောက်ပြီး သင်တန်းကာလ တစ်ပတ်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

 

ဆက်လက်၍ မြို့တော်ဝန်နှင့်အဖွဲ့သည် ယုဇနဥယျာဉ်မြို့တော်အိမ်ရာရှေ့ မြို့နယ် ခန်းမ တည်ဆောက်နေမှုကိုလည်းကောင်း၊ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက်၍ (၅၈) ရပ်ကွက်အား စံပြရပ်ကွက် ထားရှိနိုင်ရေးတို့ကို မြေပုံကားချပ်ဖြင့် လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

 

ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် အဆိုပါရုံးဝင်းအတွင်းရှိ ရေစုကန်နှင့် ဝန်ထမ်းလိုင်းခန်းများအား ကြည့်ရှုစစ်ဆေး၍ ရုံးဝင်းအတွင်းနှင့် ပတ်ဝန်းကျင်မြောင်းများမှ ရေသွင်းရန်နှင့် ရုံးတွင်းရုံးပြင် သန့်ရှင်းသာယာ သပ်ရပ်ရေး ဆောင်ရွက်ရန်တို့ကို မှာကြားပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်