ဖနောင်ပင် ဇန်နဝါရီ ၁၁

 

ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့တွင် ကိုဗစ်-၁၉ ကူးစက်နိုင်ခြေ မြင့်မားသူများ ဇန်နဝါရီ ၁၄ ရက်မှစတင်ကာ ကိုဗစ် -၁၉ ကာကွယ်ဆေး လေးကြိမ်မြောက် ထိုးနှံမှုခံယူကြရန် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဆမ်ဒက်တက်ချိုဟွန်ဆင် က ဇန်နဝါရီ ၁၀ ရက်တွင် တိုက်တွန်းခဲ့သည်။

 

လေးကြိမ်မြောက် ကာကွယ်ဆေးထိုးပေးခြင်းကို အစိုးရအဖွဲ့ အရာရှိကြီးများ၊ လွှတ်တော်အမတ်များ၊ ရှေ့တန်းမှ ဆေးကုသပေးနေကြသည့် ဆရာဝန်များ၊ အစိုးရအရာရှိများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံအာဏာပိုင်များ၊ သက်ကြီးရွယ်အိုများကို ထိုးနှံပေးခြင်းဖြင့် စတင်မည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ပြောသည်။

 

အဆိုပါ ကာကွယ်ဆေးထိုးပေးမည့် အစီအစဉ်တွင် သံရုံးဝန်ထမ်းများ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများမှ ဝန်ထမ်းများ၊ ဂျာနယ်လစ်များနှင့် နာမည်ကြီးများ ပူးပေါင်းပါဝင်ကြရန်လည်း ဖိတ်ခေါ်ထားသည်ဟု ကျန်းမာရေး ဝန်ကြီးဌာနက ပြောသည်။ ကမ္ဘောဒီးယားနိုင်ငံတွင် ဒေသတွင်း အိုမီခရွန်ကူးစက်ခံရသူ နောက်ထပ် သုံးဦးတွေ့ရှိခဲ့ပြီး ကိုဗစ်-၁၉ ဗီဇပြောင်းကူးစက်ခံရ သူဦးရေမှာ ၁၈၃ ဦး ဖြစ်လာခဲ့သည်။ စာသင်နှစ်အသစ်တွင် ကျောင်းသား သုံးသန်းကျော် စာသင်ကျောင်းသို့ ပြန်လာနိုင်မည်ဟုလည်း ကမ္ဘောဒီးယားဝန်ကြီးချုပ်က ပြောသည်။

 

ကမ္ဘောဒီးယားနိုင်ငံတွင် နိုဝင်ဘာလအတွင်းမှစတင်ကာ လူမှုစီးပွားလှုပ်ရှားမှုများကို ပြန်လည် ဖွင့်လှစ်ပေးခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး အနည်းဆုံး တစ်ကြိမ်ထိုးပြီးသူ ၁၄ ဒသမ ၂၈ သန်းရှိပြီး နိုင်ငံလူဦးရေ ၈၉ ဒသမ ၂ ရာခိုင်နှုန်းကို ကိုဗစ် -၁၉ ကာကွယ်ဆေး အနည်းဆုံးတစ်ကြိမ် ထိုးပေးပြီးဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောသည်။ ကာကွယ်ဆေးနှစ်ကြိမ် ထိုးပြီးသူ ရာခိုင်နှုန်းမှာ ၈၅ ဒသမ ၅ ရာခိုင်နှုန်း ရှိသည်ဟု သိရသည်။

 

ဆင်ဟွာ