လှိုင်းဘွဲ၊ ဇန်နဝါရီ ၁၁
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ သမ္ဘာန်ကျေးရွာ၊ ရွှေဂွန်းအောက်တောကျေးရွာ၊ ဂျို့ချောင်းကျေးရွာများတွင် ဆောင်းသီးနှံတစ်ခုဖြစ်သည့် ဖရဲစိုက်ခင်းများကို တောင်သူများက အားထည့်၍ ကြိုးစားလုပ်ကိုင် စိုက်ပျိုးလျက်ရှိကြောင်း သိရှိရသည်။
လှိုင်းဘွဲ-ဘားအံ ကားလမ်းနံဘေးရှိ သမ္ဘာန်ကျေးရွာ၌ ဖရဲစိုက်ခင်းကို စိုက်ပျိုးလုပ်ကိုင်နေသည့် တောင်သူ ဦးမောင်ဖြူက “ကျွန်တော့်အနေနဲ့ အခု ဒေသအခေါ် ဒုံးကျည်သီးလို့ခေါ်ကြတဲ့ HERA ဖရဲမျိုးကို (၃)ဧကခွဲ စိုက်ပျိုးထားပါတယ်။ လက်ရှိ ဖရဲစိုက်ခင်းက ၁၅ ရက်သားရှိနေပါပြီ။ ပျိုးပင်ချစိုက်ပြီးတော့ (၅၅)ရက်သားမှာ အသီးရလို့ စျေးကွက်ကို တင်ပို့ရောင်းချလို့ ရပါတယ်။ ကျွန်တော့်အနေနဲ့က ဖရဲစိုက်ခင်းမှာ ပုလဲဓာတ်မြေသြဇာကို မသုံးဘူး၊ နွားချေးကို မီးရှို့ပြီးရတဲ့ပြာနဲ့ သဘာဝမြေသြဇာကိုပဲ အဓိကသုံးစွဲပါတယ်။ စားသုံးသူတွေဘက်ကို လေးစားပေးရပါတယ်၊ ကိုယ့်စိုက်ခင်းကထွက်တဲ့ ဖရဲသီးတွေ အထားခံအောင်၊ အသားမပွဘဲ စားရတာ အရသာရှိအောင် သဘာဝမြေသြဇာကို မိသားစုလုပ်အားနဲ့ စုပေါင်းလုပ်ပြီး အပင်တွေကို ကျွေးကြပါတယ်။ အရင် ဖရဲစိုက်ခင်းအဟောင်းကို ထွန်စက်အသေးနဲ့ ထယ်ထွန်၊ ထယ်မွှေပြီးပါပြီ။ မကြာခင် ဖရဲပျိုးပင်အသစ်တွေ ထပ်စိုက်ကြပါမယ်” ဟု ရှင်းပြသည်။
ဖရဲစိုက်ခင်းကို ရေသွင်းစိုက်ရပြီး ရေကို လှိုင်းဘွဲမြို့နယ်၊ ထီလုံကျေးရွာရှိ ရေဘုတ်ရေလှောင်တမံမှ ဆည်ရေကို ရေစုပ်စက်ဖြင့် စုပ်တင်ပြီး စိုက်ခင်းကို ရေပေးကြကြောင်း၊ မိသားစုများက ဖရဲစိုက်ခင်းကို နေ့/ည ဂရုစိုက်ပြုစုကြရပြီး ထိုက်သင့်သလောက် ခံစားရကြောင်း၊ ဖရဲသီးအဝယ်ဒိုင်များက စိုက်ခင်းထိလာဝယ်ကြပြီး ကိုယ်တိုင်လည်း လမ်းဘေးတွင် တဲထိုးကာ ရောင်းကြောင်း၊ ဘုန်းကြီးကျောင်းများနှင့် ကျေးရွာမှ အလှူပွဲများတွင်လည်း ဖရဲသီးများလှူဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
လင်းသန့်(ပြန်/ဆက်)


