အထက်မင်းလှ ဇန်နဝါရီ ၁၁
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်တွင် ကျရောက်မည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (၁)နှစ်ပြည့်ကာလကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်ခန်းမသစ် ဖွင့်ပွဲအခမ်းအနားသို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အစိုးရအဖွဲ့ဝန်ကြီးများမှ ယနေ့နံနက် ၈ နာရီခွဲက တက်ရောက်ဖွင့်လှစ်ပေးသည်။
အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်မှ အဖွင့်အမှာစကားပြောကြားပြီး မင်းလှမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒေါ်နွယ်နွယ်အေးက မြို့နယ်ခန်းမသစ် တည်ဆောက်ခဲ့မှု အခြေအနေအား ရှင်းလင်းတင်ပြသည်။ ယင်းနောက် တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးထင်အောင်မှ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်ဝန်ကြီးများအား မြို့နယ်ခန်းမသစ် ဖွင့်ပွဲအထိမ်းအမှတ် လက်ဆောင်များပေးအပ်သည်။ ဆက်လက်၍ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများမှ မြို့နယ်ခန်းမအသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မင်းလှမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့နယ်အတွင်း သောက်သုံးရေဖူလုံမှု ရရှိစေရန်အတွက် မြို့မတိုက်နယ် ရွာတော်ကျေးရွာ၊ မြင်ကျတောင်အနီး ကျောက်မှော်ကျောင်းမှ ဂါလန် (၅၀၀၀၀)ဆံ့ ရေစုကန်သို့ ရေပိုက်လိုင်း သွယ်တန်းခြင်းလုပ်ငန်းနှင့် ရေစုကန်ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှု စစ်ဆေးရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ခံအင်ဂျင်နီယာ ဦးညီညီထွန်းက ရေပိုက်လိုင်းသွယ်တန်းခြင်းနှင့် ရေစုကန်ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး ဝန်ကြီးချုပ်မှ လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)


