ရေနံချောင်း   ဇန်နဝါရီ   ၁၁

 

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ် စည်ပင်သာယာရေး ကော်မတီဝင်များ အသစ်ပြန်လည်ရွေးချယ်ပွဲကို ဇန်နဝါရီ ၁၀ ရက်က မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

 

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးရဲလင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး အဖွဲ့ဝင် ဦးတင်အောင်ဦးက မြို့နယ်စည်ပင်သာယာရေး ကော်မတီဝင်များ ရွေးချယ်ရာတွင် လိုက်နာရမည့် စည်းကမ်းချက်များကို ရှင်းလင်းပြောကြားသည်။

 

ထို့နောက် မြို့နယ် စည်ပင်သာယာရေး နယ်နမိတ်ရှိ မြို့ပေါ်ရပ်ကွက် ၁၄ ရပ်ကွက်မှ မြို့နယ်စည်ပင် သာယာရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအဖြစ် အဆိုပြုသူ ၁၄ ဦးအား စည်းကမ်းချက်များနှင့်အညီ မြို့မိမြို့ဖများက မဲစနစ်ဖြင့် ရွေးချယ်ခဲ့ရာ အိုးဘိုရပ်ကွက်မှ ဦးနေဝင်းက မဲအများဆုံးရရှိသည့်အတွက် မြို့နယ် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ တွင်းကုန်းရပ်ကွက်မှ ဦးခင်မောင်စိုးက ဒုတိယမဲအများဆုံး ရရှိသည့်အတွက် အဖွဲ့ဝင်အဖြစ်လည်းကောင်း ရွေချယ်ခဲ့ကြသည်။

 

ကျန်ရှိသောအဖွဲ့ဝင် နှစ်ဦးအဖြစ် လူမှုရေး သို့မဟုတ် စီးပွားရေးအဖွဲ့အစည်း ကိုယ်စားလှယ်တစ်ဦးနှင့် သက်ဆိုင်ရာ လုပ်ငန်းအလိုက် ကျွမ်းကျင်ပညာရှင် ပညာအခြေပြု အဖွဲ့အစည်းများမှ ကိုယ်စားလှယ် တစ်ဦးတို့အား ဆက်လက်ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

မြို့နယ် စည်ပင်သာယာရေး ကော်မတီအဖွဲ့တွင် စုစုပေါင်း ခုနစ်ဦးဖြင့် လုပ်ငန်းတာဝန်များ ဆောင်ရွက် သွားမည်ဖြစ်ပြီး အတွင်းရေးမှူးအဖြစ် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ လည်းကောင်း၊ အဖွဲ့ဝင်အဖြစ် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနတို့မှ လည်းကောင်း ပါဝင်မည်ဖြစ်သည်။

 

အဆိုပါ မြို့နယ် စည်ပင်ကော်မတီအဖွဲ့ဝင် ရွေးချယ်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲလင်းအောင်၊ အဖွဲ့ဝင် ဗိုလ်မှူးသန်းဌေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမျိုးနိုင်၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် အဆိုပြုသူများ တက်ရောက်ခဲ့ကြသည်။

           

မြို့နယ်(ပြန်/ဆက်)