ဇီးကုန်း၊ ဇန်နဝါရီ ၁၂

ပဲခူးတိုင်းဒေသကြီး၊ ဇီးကုန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ခု ဘဏ္ဍာရေးနှစ် ခြောက်လတာကာလအတွင်း သစ်စင်မြောက်စုကျေးရွာနှင့် ယင်းမာပင်ကျေးရွာတို့၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP) ထောက်ပံ့ရန်ပုံငွေတို့ဖြင့် ကျေးရွာတွင်းလမ်းခင်းခြင်းကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ဇန်နဝါရီ ၁၁ ရက်တွင် လုပ်ငန်းများအားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

ဇီးကုန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်လဲ့လဲ့မွန်၊ တာဝန်ခံအင်ဂျင်နီယာနှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းတို့မှ ကွင်းဆင်း၍ အနီးကပ်ကြီးကြပ် ဆောင်ရွက်ပေးခြင်း၊ နည်းပညာများ စဉ်ဆက်မပြတ် ပံ့ပိုးကူညီပေးခြင်းတို့ဖြင့်  ကျေးရွာတွင်း ဘီးနင်းကွန်ကရစ်လမ်း ခင်းခြင်းနှင့် ကျေးရွာတွင်း မြေနီကျောက်စရစ်လမ်း ခင်းခြင်းတို့ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်မှစတင်၍ ကျေးရွာနေ ပြည်သူလူထုကိုယ်တိုင် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

သစ်စင်မြောက်စုကျေးရွာ၌ အရှည် ၇၅၀ ပေ၊ အကျယ် ၂ ပေခွဲ၊ ထု ၈ လက်မရှိသော ဘီးနင်းကွန်ကရစ်လမ်း (၂)လမ်းနှင့် ယင်းမာပင်ကျေးရွာ၌  အရှည် ၂၉၅၀ ပေ၊ အကျယ် ၈ ပေ၊ ထု ၉ လက်မရှိသော ကျေးရွာတွင်း မြေနီကျောက်စရစ်ခင်းခြင်းကို စီမံကိန်းထောက်ပံ့ရန်ပုံငွေကျပ် (၁၀)သန်းစီဖြင့် ဆောင်ရွက်ပြီးစီးခဲ့မှုကြောင့် ကျေးရွာနှစ်ရွာရှိ အိမ်ထောင်စု (၁၃၀)စုမှ မိသားစုဝင် (၄၂၆)ဦးကို အကျိုးပြုမည်ဖြစ်ကာ ကျေးလက်နေပြည်သူများ ယခင်ကထက် လူနေမှုအဆင့်အတန်း ပိုမိုမြင့်မားလာတော့မည်ဖြစ်ကြောင်း သိရသည်။

ကိုညို(ကျေးလက်)