မက္ကဆီကိုစီးတီး ဇန်နဝါရီ ၁၂
ဒုတိယအကြိမ် ကိုဗစ်-၁၉ ကူးစက်ခံထားရကြောင်း မက္ကဆီကိုသမ္မတ အန်ဒရက်စ် မန်နျူရယ် လိုပက်ဇ် အိုဘရာဒေါက ဇန်ဝါရီ ၁၀ ရက်တွင် ပြောသည်။
အသက် ၆၈ နှစ်ရှိပြီဖြစ်သော လိုပက်ဇ်မှာ ကိုဗစ်-၁၉ ကူးစက် ခံထားရသော်လည်း အပျော့စား လက္ခဏာများကိုသာ ခံစားရကြောင်းနှင့် တစ်ဦးတည်း သီးခြား ခွဲနေစဉ်အတွင်း လုပ်ငန်းဆောင်တာများကို ဆက်လက်လုပ်ဆောင် နိုင်သည်ဟုလည်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
သီးခြားခွဲနေသည့် ကာလမပြီးဆုံးမီအချိန်အထိ အွန်လိုင်းပေါ်မှတစ်ဆင့် ဆွေးနွေးမှုများ၊ ပြုလုပ်သွားမည်ဟုလည်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
ဇန်နဝါရီ ၁၀ ရက် နံနက်ပိုင်းတွင် ပုံမှန်ပြုလုပ်နေကျ သတင်းစာရှင်းလင်းပွဲအပြီးတွင် ၎င်း၌ ကိုဗစ်-၁၉ ဒုတိယအကြိမ် ကူးစက်ခံထားရကြောင်း အတည်ပြုခဲ့သည်။ သာမန်အအေးမိသည့် လက္ခဏာများသာ ခံစားရကြောင်း ပြောသည်။
သမ္မတကို ရောဂါကြောင့် ခွဲထားစဉ်အတွင်း ပြည်ထဲရေးဝန်ကြီး အာဒန်အော်ဂတ်စ်တို လိုပက်ဇ်က သတင်းစာရှင်းလင်း ပွဲကို ဦးစီးကာ လုပ်ဆောင်သွား မည်ဖြစ်သည်။ ထို့ပြင် အခြားသော ပွဲအခမ်းအနားများကိုလည်း တက်ရောက်သွားမည် ဖြစ်သည်။
မက္ကဆီကို သမ္မတသည် ကိုဗစ်-၁၉ ကာကွယ်ဆေး အပြည့်ထိုးထားသည့်အပြင် တတိယအကြိမ် ကာကွယ်ဆေး ကိုလည်း ထိုးထားပြီးဖြစ်သည်။ ၎င်းမှာ ပြီးခဲ့သည့်နှစ် ဇန်နဝါရီလအတွင်း ကိုဗစ်-၁၉ ကူးစက်ခံရကာ ထိုစဉ်ကလည်း အသေးစား လက္ခဏာများသာ ပြသသည်။
ဆင်ဟွာ