ကျောင်းကုန်း ဇန်နဝါရီ ၁၂
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်နှင့် တာဝန်ရှိသူများသည် ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အေးချမ်းသာယာခန်းမ၌ ဇန်နဝါရီ ၁၁ ရက် မွန်းလွဲ ၂ နာရီက ကျင်းပပြုလုပ်သော အကြမ်းဖက်သမားများကို ဝိုင်းဝန်းဖမ်းဆီးပေးသည့် တာဝန်သိပြည်သူများအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်အားပေးခဲ့ကြသည်။
ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက မိမိမြို့နယ် တည်ငြိမ်အေးချမ်းရေးအတွက် အကြမ်းဖက်သမားများကို သက်စွန့်ကြိုးပမ်း ဝိုင်းဝန်းဖမ်းဆီးပေးကြသူများ အားလုံးကို ဂုဏ်ယူပါကြောင်း ပြောကြားပြီး တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်က ဆက်သွယ်ရေးစနစ်များ ကောင်းမွန်သည့်အတွက် အကြမ်းဖက်သမားများကို ယခုလို မြန်မြန်ဆန်ဆန် ဖမ်းမိရမိခြင်းဖြစ်ကြောင်း၊ တာဝန်သိပြည်သူများက ရဲရဲဝံ့ဝံ့ စွန့်စွန့်စားစား ဖမ်းဆီးပေးသည့်အတွက် ကျေးဇူးတင်ကြောင်း ဂုဏ်ပြုပြောကြားခဲ့သည်။
ထို့နောက် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ဂုဏ်ပြုချီးမြှင့်ငွေကျပ် သိန်း(၃၀)နှင့် စားသောက်ကုန်ပစ္စည်းများ၊ တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်က ဂုဏ်ပြုချီးမြှင့်ငွေကျပ် (၁၉)သိန်းနှင့် စားသောက်ကုန်ပစ္စည်းများ ပေးအပ်ရာ ဦးသီဟဇော်နှင့်အဖွဲ့က လက်ခံရယူခဲ့ကြပြီး အကြမ်းဖက်သမားများကို ဝိုင်းဝန်းဖမ်းဆီးပေးသော တာဝန်သိပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၊ တိုင်းဒေသကြီးအဆင့်၊ ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တာဝန်သိပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)


