တာချီလိတ် ဇန်နဝါရီ ၁၂
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တာချီလိတ်၊ မိုင်းဖြတ်၊ မိုင်းယောင်းမြို့နယ်တို့ရှိ ဒေသခံတောင်သူများ၏ လယ်မြေဧက ၁၅၅၅ ဧက အကျိုးပြုမည့် ကျေးလက်ကုန်ထုတ်လမ်း သုံးလမ်းကို ၂၀၂၁-၂၀၂၂ ခု ဘဏ္ဍာရေးနှစ် ခြောက်လတာကာလတွင် ငွေကျပ် ၁၆၉ ဒသမ ၁၂၅ သန်း အသုံးပြုကာ ဖောက်လုပ်ပေးလျက်ရှိကြောင်း အဆိုပါ တာချီလိတ်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင့်လွင်ဦးထံမှ သိရသည်။
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ကျေးလက်နေတောင်သူများ၏ ဒေသထွက်ကုန်ပစ္စည်းများကို စျေးကွက်သို့ လွယ်ကူလျင်မြန်စွာ တင်ပို့နိုင်ရေးအတွက် ကျေးလက်ကုန်ထုတ်လမ်းများကို ဖောက်လုပ်ပေးလျက်ရှိကြောင်း၊ ယခုဘဏ္ဍာနှစ် ခြောက်လတာကာလတွင် တာချီလိတ်ခရိုင်အတွင်း တာချီလိတ်မြို့နယ် ပန်ချီဟက်ကျေးရွာ ကုန်ထုတ်လမ်း၊ မိုင်းဖြတ်မြို့နယ် မကာ-နမ့်ကုန်းကျေးရွာ ကုန်ထုတ်လမ်း၊ မိုင်းယောင်းမြို့နယ် ကျန်ပါ-ကော့ခွယ်ကျေးရွာ ကုန်ထုတ်လမ်း စသည့် ကျေးလက်ကုန်ထုတ်လမ်း သုံးလမ်း၊ အရှည် ၄ မိုင် ၂ ဒသမ ၅ ဖာလုံနှင့် ကုန်ထုတ်တံတားအဖြစ် Box Culvert ခုနစ်စင်းကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေကျပ် ၁၆၉ ဒသမ ၁၂၅ သန်းဖြင့် တင်ဒါအောင်မြင်သည့် ကုမ္ပဏီများမှ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ စတုတ္ထအပတ်မှစ၍ ဖောက်လုပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း တာချီလိတ်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင့်လွင်ဦးထံမှ သိရသည်။
“အခုလိုမျိုး ကျနော်တို့ ခရိုင်အတွင်းမှာ ကုန်ထုတ်လမ်း၊ တံတားတွေ ဖောက်လုပ်ပေးနေတာဆိုရင် ဒေသတွင်း စိုက်ပျိုးရေး တောင်သူတွေ အကျိုးစီးပွားအတွက် လုပ်ဆောင်ပေးနေတာပါ၊ အခုလိုဖောက်လုပ်ပေးနေတာကလဲ မြို့နယ်အလိုက် ဒေသခံတောင်သူတွေ တောင်းဆိုတဲ့အတွက်ကြောင့် လုပ်ဆောင်ပေးနေတာပါ၊ ကုန်ထုတ်လမ်းဖောက်လုပ်တဲ့အခါမှာ ကျောက်ရောမြေ တစ်ပေထုနဲ့ မြေနီကျောက်စရစ် ကိုးလက်မထု နှစ်လွှာခင်းပေးတာပါ၊ မြေသားလမ်းဖြစ်တဲ့အတွက် ပျက်စီးမှုနည်းအောင် သတ်မှတ်တဲ့ သိပ်သည်းထုရအောင်လည်း လုပ်ဆောင်ပေးမှာပါ” ဟု တာချီလိတ်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင့်လွင်ဦးက ပြောပြသည်။
အဆိုပါ ကုန်ထုတ်လမ်းများ ဆောင်ရွက်ပြီးစီးပါက ကျေးရွာ ရှစ်ရွာမှ အိမ်ခြေ ၅၃၄ အိမ်၊ လူဦးရေ ၂၆၉၅ ဦးတို့၏ စိုက်ပျိုးမြေ ဧက ၄၀၇ ဧကကျော် အကျိုးပြုနိုင်မည်ဖြစ်ပြီး ၎င်းစိုက်ပျိုးမြေများမှ ထုတ်ကုန်/ထွက်ကုန်များအား ဈေးကွက်အတွင်းသို့ အလွယ်တကူ တင်ပို့နိုင်မှာဖြစ်ကြောင်း သိရသည်။
သန်းလွင်(မကွေး)


