ဂျီနီဗာ ဇန်နဝါရီ ၁၂

 

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အဖွဲ့ဝင်နိုင်ငံများသည် ဇန်နဝါရီ ၅ ရက်တွင် မြောက်ကိုရီးယားနိုင်ငံက စမ်းသပ်ပစ်လွှတ်ခဲ့သည့် ဒုံးကျည်ပစ်လွှတ်မှုအပေါ် မည်သို့တုံ့ပြန်မည်ဆိုသည်နှင့် စပ်လျဉ်း၍ ဇန်နဝါရီ ၁၀ ရက်တွင် အရေးပေါ်အစည်းအဝေးကျင်းပကာ ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

 

အတည်ပြုပြောကြား

မြောက်ကိုရီးယားနိုင်ငံသည် ပြီးခဲ့သည့် ဇန်နဝါရီ ၅ ရက်တွင် ဂျပန်ပင်လယ်အတွင်းသို့ ဦးတည်ကာ ဒုံးကျည်တစ်စင်း ပစ်လွှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ မြောက်ကိုရီးယားနိုင်ငံက အသံထက်မြန်သောဒုံးကျည်တစ်စင်းကို ပစ်လွှတ် ခဲ့ပြီးနောက် မြောက်ကိုရီးယားမီဒီယာများကလည်း အဆိုပါဒုံးကျည်ပစ်လွှတ်မှုနှင့်စပ်လျဉ်း၍ အတည်ပြု ပြောကြားခဲ့သည်။

 

ယင်းသို့ မြောက်ကိုရီးယားနိုင်ငံက အသံထက် မြန်သောဒုံးကျည် စမ်းသပ်ပစ်လွှတ်ခဲ့ပြီးနောက် အမေရိကန်နိုင်ငံ၊ ဗြိတိန်နိုင်ငံနှင့် ပြင်သစ်နိုင်ငံ  အပါအဝင် အနောက်နိုင်ငံ ငါးနိုင်ငံ၏ တောင်းဆိုမှုအရ ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် ဇန်နဝါရီ (၁၀ ရက်တွင် အရေးပေါ်အစည်းအဝေးကျင်းပခဲ့ခြင်း ဖြစ်သည်။ ။

 

အဆိုပါအစည်းအဝေး၏ ဦးစားပေးဆောင်ရွက် မည့်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အနောက်နိုင်ငံ ငါးနိုင်ငံနှင့် ဂျပန်နိုင်ငံတို့က ပူးတွဲထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ ယင်းပူးတွဲ ထုတ်ပြန်ချက်အရ မြောက်ကိုရီးယားနိုင်ငံ၏ ဒုံးကျည်ပစ်လွှတ်မှုသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ပြဋ္ဌာန်းချက်များကို ချိုးဖောက်ခြင်း ဖြစ်ကြောင်းနှင့် နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ခြိမ်းခြောက်နေခြင်းဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် လင်ဒါသောမက်ဂရင်းဖီးလ်က ပြောကြားခဲ့သည်။

 

ပြီးခဲ့သည့်နှစ် စက်တင်ဘာလနှင့် အောက်တိုဘာလတို့တွင် မြောက်ကိုရီးယားနိုင်ငံက ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုများ ပြုလုပ်ခဲ့ပြီးနောက် အရေးပေါ်အစည်းအဝေးကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါအစည်းအဝေး၌ အနောက်နိုင်ငံများ နှင့် ရုရှား၊ တရုတ်တို့အကြား သဘောထား ကွဲလွဲမှုများရှိခဲ့ကြောင်း သိရသည်။

 

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန်-အလင်းသစ်