တိုကျို ဇန်နဝါရီ ၁၂
ဂျပန်နိုင်ငံအတွင်း နိုင်ငံခြားသားများ ဝင်ရောက်မှုအား တားမြစ်ပိတ်ပင်ခြင်းကာလကို ဖေဖော်ဝါရီလကုန်ပိုင်းအထိ သက်တမ်းတိုးမြှင့်ရန် ဂျပန်နိုင်ငံဝန်ကြီးချုပ် ကီရှီဒါက ဆုံးဖြတ်ခဲ့ကြောင်း ယနေ့ အင်န်အိတ်ချ်ကေ သတင်းတစ်ရပ်အရ သိရသည်။
ယင်းသို့ နိုင်ငံခြားသားများအား နိုင်ငံအတွင်း ဝင်ရောက်မှု ပိတ်ပင်တားမြစ်ခြင်းကာလ ထပ်မံတိုးမြှင့်ခြင်းသည် နိုင်ငံအတွင်း အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကိုကာကွယ်ရန် ရည်ရွယ်၍ ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ဂျပန်ဝန်ကြီးချုပ် ကီရှီဒါ က ဇန်နဝါရီ ၁၁ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
ဂျပန်နိုင်ငံသည် နိုင်ငံခြားသားများ နိုင်ငံအတွင်း ဝင်ရောက်မှု ပိတ်ပင်တားမြစ်ခြင်းကို နိုဝင်ဘာလနှောင်းပိုင်းတွင် စတင် ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ဂျပန်နိုင်ငံ၌ အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုနှင့် ရင်ဆိုင်ကြုံတွေ့နေရခြင်းကြောင့် နိုင်ငံအတွင်း ရှိ အသက် ၁၂ နှစ်အောက် ကလေးငယ်များအား မကြာမီကာလအတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးသွားရန် စီစဉ်ကြောင်း ဂျပန်ဝန်ကြီးချုပ် ကီရှီဒါက ဇန်နဝါရီ ၁၁ ရက်တွင် ပြောကြားသည်။
ကိုးကား-အင်န်အိတ်ချ်ကေ၊
ဘာသာပြန်-အလင်းသစ်