ငဖဲ ဇန်နဝါရီ ၁၂
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် တောင်ပေါ်ဒေသ လင်းတဲကျေးရွာတွင် ကော်ဖီစိုက် ဧက ၇၀၀ ကျော်ရှိပြီး စိုက်ပျိုးဖြစ်ထွန်းအောင်မြင်ကာ ကော်ဖီသီးများ ခူးဆွတ်လျက်ရှိကြောင်း သိရသည်။
အဆိုပါ လင်းတဲကျေးရွာတွင် အရှိုချင်းတိုင်းရင်းသားများနေထိုင်ကြကာ ဒေသခံတောင်သူများက လက်ဖက်၊ ထောပတ်၊ ကမ္ဗလာ၊ မျောက်ငို၊ နာနတ်၊ ဝဥ၊ ကျွဲကော၊ ပိန္နဲ၊ ငရုတ်၊ ငှက်ပျော စသည့် နှစ်ရှည်သီးနှံပင်များနှင့် ကော်ဖီကိုရောနှောစိုက်ပျိုးကြသည်။
လင်းတဲကျေးရွာမှ ကော်ဖီစိုက်တောင်သူ ဆလိုင်းသိန်းနိုင်ဦးက မိမိစိုက်ခင်းတွင် ကော်ဖီစိုက်ဧက ၁၅ ဧကရှိပြီး တစ်ရွာလုံးအနေဖြင့် ကော်ဖီစိုက်ဧက ၇၀၀ ကျော် ၈၀၀ ခန့်ရှိကြောင်း၊ ကော်ဖီပင်ကို မိဘများလက်ထက်ကနေ ပြင်ဦးလွင်ဘက်မှ မျိုးများမှာယူပြီး စိုက်ပျိုးခဲ့ကြောင်း၊ ယခုဆိုရင် ကော်ဖီသီးများ ခူးဆွတ်ပြီး လှန်းစင်တွင် စနစ်တကျ နေလှန်းထား၍ နှစ်စဉ် ၁ တန်ခန့် ထွက်ရှိကြောင်း၊ ကျေးရွာမှ ထွက်ရှိသည့် ကော်ဖီစေ့များကို နတ်ရေကန် (ကော်ဖီခြံ)၊ ရေနံချောင်းမြို့နယ်၊ ရွာငံမြို့နယ်များနှင့် နီးစပ်ရာ ကုမ္ပဏီများသို့ ၁ ပိဿာလျှင် ငွေကျပ် ၃၅၀၀ နှုန်းနှင့် ၁တင်းလျှင် ငွေကျပ် ၁၀၀၀၀ နှုန်းအထိ တင်ပို့ရောင်းချရကြောင်း၊ တောင်ပေါ်ဒေသ ၁၀ အုပ်စုရှိ ကော်ဖီစိုက်တောင်သူများအနေဖြင့် ရောင်းတန်းဝင် အရည်အသွေးမြင့် ကော်ဖီစိုက်ပျိုး ထုတ်လုပ် အထွက်နှုန်းကောင်းမွန်ရေး၊ ကော်ဖီနှင့် အခြားအရိပ်ရပင်များ စနစ်တကျ တွဲဘက်စိုက်ပျိုးနိုင်ရေးအတွက်ကိုလည်း နည်းပညာပေးသင်တန်းများ နှစ်စဉ် ကျေးရွာတိုင်းအရောက် သင်တန်းများပေးစေလိုကြောင်း၊ တောင်သူတစ်ဦးချင်းစီက စိုက်နည်းစနစ်နားလည်ပြီး စနစ်တကျ လိုက်နာစိုက်ပျိုးမှသာ ဒီထက်ပိုပြီး ကော်ဖီအထွက်နှုန်း များလာမှာဖြစ်ကြောင်း၊ လင်းတဲကျေးရွာအနေဖြင့် ကော်ဖီစိုက်ဧက ၇၀၀ ကျော်မှာ ကော်ဖီစေ့တန်ချိန် ထောင်ကျော် ထွက်နိုင်ပြီး တောင်သူများလည်း လူမှုစီးပွားဘဝ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ ယခင်နှစ် ကိုဗစ်ကာလများက ကော်ဖီဈေးကျဆင်းပြီး ပြည်ပလိုင်းများ ပိတ်သည့်အတွက် ဈေးကောင်းမရရှိကြဘဲ ယခုနှစ်တွင် ဈေးကောင်းရရှိသဖြင့် အဆင်ပြေကြောင်း ပြောသည်။
ငဖဲမြို့နယ် လင်းတဲကျေးရွာမှ နှစ်စဉ် ကော်ဖီစေ့ ၅ ဒသမ ၅ တန်ကျော်နှင့် အခြားကျေးရွာများမှ ကော်ဖီစေ့ (၃၅ )တန်ခန့် ထွက်ရှိကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။
မယု(ငဖဲ)


