ဇန်နဝါရီ ၁၂
တောင်ကိုရီးယားနိုင်ငံရှိ ဆောက်လုပ်ဆဲအထပ်မြင့် အဆောက်အအုံတစ်စိတ်တစ်ပိုင်းပြိုကျမှု ယမန်နေ့ကဖြစ်ပွား ခဲ့ရာ အလုပ်သမား ခြောက်ဦး ပျောက်ဆုံးနေဆဲဖြစ်သည်ဟု သိရသည်။
ဂွမ်ဂျူမြို့ အနောက်တောင်ပိုင်းရှိ ၃၉ ထပ်အဆောက်အအုံ၏ အပေါ်ထပ်အတွင်းနံရံများနှင့် မျက်နှာစာပြိုကျမှု ဖြစ်ပွားခဲ့သည်။ အချို့သောယာဉ်များသည် ထိုပြိုကျအုတ်အကျိုးအပဲ့များအောက်တွင် ပိမိနေသည်။
အကြမ်းဖျင်းအားဖြင့် အဆိုပါနေရာတွင်ရှိသော အလုပ်သမား ၄၀၀ ကျော်အနက် တစ်ဦးမှာ ဒဏ်ရာအနည်းငယ်ရရှိသည်ဟု ဒေသခံတာဝန်ရှိသူများက ဆိုသည်။
မီတာ ၁၄၀ အမြင့်ရှိ ကရိန်းကိုလည်း ပြုတ်ကျလာမည်စိုးရိမ်သဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများဆိုင်းငံ့ထားပြီး ဘေးကင်းလုံခြုံကြောင်း အတည်ပြုပြီးပါက ကယ်ဆယ်ရေးပြန်လည်လုပ်ဆောင်မည်ဖြစ်ကြောင်း ဒေသခံတာဝန်ရှိသူများက ပြောကြားသည်။
ထိုမတော်တဆမှုဖြစ်ပွားချိန်တွင် အလုပ်သမားများသည် အပေါ်ထပ်ကြမ်းခင်းပေါ် ကွန်ကရစ်လောင်းနေပြီး ယင်းကွန်ကရစ်ခိုင်မာမှုမရှိမီ ဆက်လက်လုပ်ဆောင်သွားသည်မှာဖြစ်နိုင်ချေရှိသည်ဟု ကျွမ်းကျင်သူများ၏ အမြင်ကို ကိုးကားပြီး မီဒီယာတစ်ခုက ဖော်ပြထားသည်။
၎င်းဆောက်လုပ်ရေးတာဝန်ရှိသူက ယနေ့တွင်တောင်းပန်စကားပြောကြားခဲ့ပြီး ပျောက်ဆုံးနေသူများကို ရှာဖွေကယ်ဆယ်ရန်အစွမ်းကုန်လုပ်ဆောင်သွားမည်ဟု ဆိုသည်။
ရဲတပ်ဖွဲ့က ယင်းအဆောက်အအုံ၏ ဖြစ်နိုင်ဖွယ်ရှိသည့် ဘေးကင်းလုံခြုံရေးဆိုင်ရာ ချိုးဖောက်မှုများကို စုံစမ်းစစ်ဆေးရန်လုပ်ဆောင်လျက်ရှိသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို