နေပြည်တော် ဇန်နဝါရီ ၁၂

 

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ဇန်နဝါရီ ၁၁ ရက် မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီးအတွင်း ယွန်းပညာ‌ကောလိပ်(ပုဂံ)နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့ရှိ သမဝါယမအသင်းစုပိုင် အနော်ရထာဆီစက်ကို ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက ဝါနှင့် ဆီထွက်သီးနှံ စိုက်ပျိုးသည့် တောင်သူများသီးနှံ အထွက်နှုန်းတိုးပွားစေရေးအတွက် လိုအပ်သည့် မျိုးစေ့နှင့် သွင်းအားစုများ ပံ့ပိုးကူညီပေးရေး၊ တောင်သူနည်းပညာပေးလုပ်ငန်းများ ဆောင်ရွက်ရေး၊ ဈေးကွက်ချိတ်ဆက်မှုကို သမဝါယမအစုအဖွဲ့စနစ်ဖြင့် ဆောင်ရွက်ရေးနှင့် သက်ဆိုင်ရာဌာနများမှ လိုအပ်သည်များ ချိတ်ဆက်ကူညီ ဆောင်ရွက်ပေးရန် မှာကြားသည်။

 

ယင်းနောက် ညောင်ဦးမြို့နယ်၊ မြင်းကပါကျေးရွာရှိ ရွှေယွန်းစက်မှုလက်မှုနှင့် ကုန်ထုတ် သမဝါယမအသင်းလီမိတက်၏ မြန်မာ့လက်မှု ယွန်းထည်ပစ္စည်းများ ထုတ်လုပ်နေမှုကို လည်းကောင်း၊ ပုဂံမြို့သစ်၊ သီရိပစ္စယာရပ်ကွက်ရှိ သီရိလယ်ယာနှင့် အထွေထွေစီးပွားရေး သမဝါယမအသင်းလီမိတက်၏ အုတ်ခွက်ဘုရားဆင်းတုတော်များနှင့် သဲပန်းချီကားချပ်များ ထုတ်လုပ်နေမှုကိုလည်းကောင်း လှည့်လည်ကြည့်ရှု အားပေးသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီး ဌာနအောက်ရှိ  ယွန်းပညာကောလိပ်(ပုဂံ)ကို ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက အလုပ်အကိုင် အခွင့်အလမ်းများရရှိရေး ချိတ်ဆက်ဆောင်ရွက်ပေးရန်၊ ပုဂ္ဂလိက လုပ်ကိုင်လိုပါက သမဝါယမစနစ်ဖြင့် အရင်းအနှီး ချေးငွေရရှိရေး စီစဉ်ဆောင်ရွက်ပေးရန်နှင့် ယွန်းအတတ်ပညာများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေး တာဝန်ရှိသူအဆင့်ဆင့်မှ ကြီးကြပ်ဆောင်ရွက်သွားရန် မှာကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ အပူပိုင်းဇုန် ကျေးလက်ဒေသ ရေရှိရေးစီမံကိန်းဖြင့် ညောင်ဦးမြို့နယ် ထီးပုကျေးရွာအုပ်စု၊ ဂျမ်းလှီးကျေးရွာ၌ အိမ်ခြေ ၁၀၄၊ လူဦးရေ ၅၂၅ ဦးတို့အတွက် သောက်သုံးရေဖူလုံစွာရရှိရေး အကျယ် ခြောက်လက်မ၊ အနက်ပေ ၁၂၀၀ ရှိ တွင်းနက်စက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးရေး တာဝန်ရှိသူအဆင့်ဆင့်မှ ကြီးကြပ်ဆောင်ရွက်သွားရန်၊ အိမ်သွယ်ရေတိုင် ရေမီတာစနစ်ဖြင့် ရေလေလွင့်မှုနည်းပြီး ရေစီမံခန့်ခွဲကောင်းခြင်းဆိုင်ရာ ရေပေးရေးကော်မတီများကို လိုအပ်သည့်သင်တန်းများပေးခြင်း၊ စည်းရုံးဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်