နေပြည်တော် ဇန်နဝါရီ ၁၂

 

ထိုင်းနိုင်ငံတွင် ရောက်ရှိအလုပ်လုပ်ကိုင်နေသည့် အလုပ်သမားများအနက် အထောက်အထားမရှိသူများကို တရားဝင် နေထိုင်လုပ်ကိုင်နိုင်ရန် ထိုင်းနိုင်ငံ စမုစခွန် ခရိုင်၊ စမုပရာကန်ခရိုင်၊ ချင်းမိုင်ခရိုင်၊ ချွန်ဘူရီခရိုင်၊ ရနောင်းခရိုင်တို့တွင် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identity – CI)  သက်တမ်းတိုးစခန်း ၅ ခုဖွင့်လှစ်၍ ဇန်နဝါရီ ၁၀ ရက်မှ စတင်ဆောင်ရွက်လျက်ရှိရာ အလုပ်သမားဦးရေ ကျား ၄၂၆ ဦး၊ မ ၃၅၇ ဦး၊ စုစုပေါင်း ၇၈၃ ဦး CI သက်တမ်းတိုးစာအုပ်များ ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 

ထိုင်းနိုင်ငံတွင် ရောက်ရှိအလုပ်လုပ်ကိုင်နေသည့် အလုပ်သမားများအနက် အထောက်အထားမရှိသူများကို တရားဝင် နေထိုင်လုပ်ကိုင်နိုင်ရေးအတွက် ၂၀၁၇ ခုနှစ် မတ် ၃ ရက်မှ ၂၀၁၈ ခုနှစ် ဇွန် ၃၀ ရက်အထိ သက်တမ်း ၄ နှစ်ဖြင့်ထုတ်ပေးခဲ့သည့် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identity – CI) များသည် ၂၀၂၁ ခုနှစ် မတ် ၃ ရက် ရက်မှစ၍ ထုတ်ယူခဲ့သည့် နေ့ရက်များအလိုက် သက်တမ်း ကုန်ဆုံးလျက်ရှိသည်။      

 

ထိုင်းနိုင်ငံတွင် ရောက်ရှိအလုပ်လုပ်ကိုင်နေသည့် အလုပ်သမားများအနက် အထောက်အထားမရှိသူများကို တရားဝင် နေထိုင်လုပ်ကိုင်နိုင်ရန် CI စခန်းများတွင် ထိုင်းအလုပ်အကိုင်ဌာန၊ လူဝင်မှုကြီးကြပ်ရေးဌာနနှင့် ကျန်းမာရေးဌာနများမှလည်း ကောင်တာများဖွင့်လှစ်၍ အလုပ်သမားများအတွက် နေထိုင်ခွင့် (Visa) နှင့် အလုပ်လုပ်ကိုင်ခွင့် (Work Permit) ထုတ်ပေးခြင်းတို့ကို ကိုဗစ်-၁၉ ဆိုင်ရာ ကျန်းမာရေး ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိသည်။

 

mdn

 

ထိုကဲ့သို့ CI သက်တမ်းတိုး လျှောက်ထားသူအလုပ်သမားများအနေဖြင့် Seven Eleven ဆိုင်များတွင် မိမိလက်ရှိ ကိုင်ဆောင်ထားသည့် CI စာအုပ်နံပါတ်ဖြင့် စာအုပ်ဖိုး ဘတ် ၃၀၀ နှင့် ဝန်ဆောင်ခ ဘတ် ၁၀ ၊ စုစုပေါင်း ဘတ် ၃၁၀ ပေးသွင်းရန်၊ စခန်းအမည်၊ ရက်ချိန်း၊ တိုကင်နံပါတ်၊ ဆက်သွယ်ရန်ဖုန်း အစရှိသည့် အချက်များပါဝင်သည့် ငွေသွင်းပြေစာရယူရန် (လက်ကိုင်ဖုန်းသို့လည်း မက်ဆေ့ ဝင်ရောက်လာမည် ဖြစ်ပါသည်)နှင့် ရက်ချိန်းနေ့တွင် စခန်းသို့ မပျက်မကွက် သွားရောက်ရန်၊ စခန်းသို့ ရောက်ရှိသည့်အခါ ကိုယ်ရေးမှတ်တမ်း ဖြည့်သွင်းပြီးနောက် CI စာအုပ်အဟောင်း၊ နိုင်ငံသားစိစစ်ရေးကတ်၊ အိမ်ထောင်စုဇယား၊ ထိုင်းအလုပ်အကိုင်ဌာနက ထုတ်ပေးထားသည့် စာရွက်စာတမ်းများကို မိတ္တူကူး၍ CI စာအုပ်အသစ် လျှောက်ထားရန်၊ အချက်အလက်များ ပြည့်စုံမှန်ကန်သူသည် စခန်းက ထုတ်ပေးသည့် CI သက်တမ်းတိုး စာအုပ်နှင့် ပြည်ပအလုပ်အကိုင် အလုပ်သမား သက်သေခံကတ်ပြား (Overseas Worker Identification Card – OWIC) ကို ရယူရန် လိုအပ်ကြောင်း သိရှိရသည်။

 

CI သက်တမ်းတိုးစာအုပ်နှင့် OWIC ကတ် ရရှိပြီးသူများသည် စခန်းရှိ ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာန၏ ကောင်တာတွင် နေထိုင်ခွင့် (Visa) နှင့် အလုပ်လုပ်ကိုင်ခွင့် (Work Permit) လျှောက်ထားရန် လိုအပ်သော်လည်း Visa နှင့် Work Permit သက်တမ်းရှိသူများအနေဖြင့် လျှောက်ထားရန်မလိုကြောင်း သိရသည်။

 

အကယ်၍ CI စာအုပ်ပျောက်ဆုံးခြင်း၊ ပျက်စီးခြင်းရှိပါက ထိုင်းရဲတပ်ဖွဲ့၏ ထောက်ခံချက်၊ မြန်မာသံရုံး၏ ထောက်ခံချက်နှင့်အတူ သက်ဆိုင်ရာ CI စခန်းများသို့ လာရောက်လျှောက်ထားရမည်ဖြစ်ပြီး ခွင့်ပြုချက် ရရှိချိန်တွင် CI စာအုပ်တန်ဖိုး ဘတ် ၃၀၀၊ ဒဏ်ကြေး ဘတ် ၁၈၀ ၊ စုစုပေါင်း ဘတ် ၄၈၀ ကို စခန်း တာဝန်ရှိသူထံသို့ ပေးသွင်းရမည်ဖြစ်ကြောင်း အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနမှ သိရသည်။

 

ထို့အတူ OWIC ကတ် ပျောက်ဆုံးခြင်း၊ ပျက်စီးခြင်းရှိပါက ထိုင်းရဲတပ်ဖွဲ့၏ထောက်ခံချက်၊ မြန်မာသံရုံး၏ ထောက်ခံချက်နှင့်အတူ သက်ဆိုင်ရာ CI စခန်းများသို့ လာရောက်လျှောက်ထားရမည် ဖြစ်ပြီး ဒဏ်ကြေး အပါအဝင် ဘတ် ၂၀၀ ကို စခန်းတာဝန်ရှိသူထံသို့ ပေးသွင်းရမည်ဖြစ်သည်။

 

CI သက်တမ်းတိုးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အလုပ်သမား သံအရာရှိ ဦးအောင်ကိုဇော် (ဖုန်းနံပါတ်- 0948845484)၊            အလုပ်သမားသံအရာရှိ ဦးရဲလင်းထက် (ဖုန်းနံပါတ်-0652206951)၊ အလုပ်သမားသံအရာရှိ ဦးလင်းမြတ် (ဖုန်းနံပါတ်-0652206952)၊ အလုပ်သမားသံအရာရှိ  ဦးပြည့်ဖြိုးအောင် (ဖုန်းနံပါတ်-0652206953) နှင့် အလုပ်သမားသံအရာရှိ ဦးအောင်အောင် (ဖုန်းနံပါတ် 0990592352) တို့ကို ဆက်သွယ်မေးမြန်း ဆောင်ရွက်နိုင်ကြောင်း သိရသည်။

 

အလားတူ CI သက်တမ်းတိုးထုတ်ပေးရေးစခန်း(စမုစခွန်)    ဖုန်းနံပါတ် 0652055960, 0652055961 ၊   

CI သက်တမ်းတိုးထုတ်ပေးရေးစခန်း (စမုပရာကန်)                   ဖုန်းနံပါတ် 0652055964, 0652055965 ၊    

CI သက်တမ်းတိုးထုတ်ပေးရေးစခန်း (ချင်းမိုင်)             ဖုန်းနံပါတ် 0652055968, 0652055969 ၊    

CI သက်တမ်းတိုးထုတ်ပေးရေးစခန်း (ချွန်ဘူရီ)             ဖုန်းနံပါတ် 0652055962, 0652055963၊     

CI သက်တမ်းတိုးထုတ်ပေးရေးစခန်း (ရနောင်း)                          ဖုန်းနံပါတ် 0652055966, 0652055967 တို့ကို ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။

 

သတင်းစဉ်