နေပြည်တော် ဇန်နဝါရီ ၁၂
ငါးသလောက် ငါးမျိုးများ ထိန်းသိမ်းရေးနှင့် ဈေးကွက်မြှင့်တင်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီ ၁၁ ရက် နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက ပြည်တွင်း ပြည်ပဈေးကွက် စားသုံးမှုတွင် လူကြိုက်များသော ငါးသလောက်ကို စနစ်တကျ ပြန်လည်ထိန်းသိမ်းရန် လိုအပ်လျက်ရှိကြောင်း၊ ငါးသလောက်သည် အိမ်နီးချင်းနိုင်ငံများတွင်လည်း ပေါက်ပွားမှုနှင့် စားသုံးမှုရှိပြီး အာရှရေပြင်မှ အီရန်၊ ပါရှန်ကွေ့အထိ နယ်စပ်ဖြတ်ကျော်ပြီးသွားနေသည့် ငါးမျိုးစိတ် တစ်ခုဖြစ်ကာ တချို့ဒေသများတွင် မျိုးတုန်းပျောက်ကွယ်မှုများနှင့် ကြုံတွေ့ရလျက်ရှိနေသော်လည်း ဘင်္ဂလားပင်လယ်အော်အတွင်းရှိ နိုင်ငံအချို့တွင် ငါးသလောက်ထိန်းသိမ်းမှု ဇုန်အနေဖြင့် အောင်မြင်စွာဆောင်ရွက် လျက်ရှိနေသည်ကိုတွေ့ရှိရကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်လည်း လေ့လာမှုစစ်တမ်းများအရ ငါးသလောက်ဖမ်းဆီးရရှိမှု နည်းပါးလာပြီး ဖမ်းဆီးရရှိသည့် အကောင်အရွယ်အစား သေးငယ်လာလျက်ရှိရာ ငါးသလောက် မျိုးတုန်းမှု မဖြစ်ပေါ်စေရန် ဆောင်ရွက်ရမည် လုပ်ငန်းအစီအစဉ်များ သတ်မှတ်ရန် လိုအပ်နေပြီဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက ငါးသလောက် ငါးမျိုးများ ထိန်းသိမ်းရေး လုပ်ငန်းကို ဆောင်ရွက်ရာတွင် အစိုးရအဖွဲ့အစည်းတစ်ခုတည်းက ဆောင်ရွက်၍မရနိုင်ပဲ ငါးဖမ်းဆီးသူများမှ ငါးစားသုံးသူများအထိ ထုတ်လုပ်မှုကွင်းဆက်တွင် ပါဝင်သူများအားလုံးတို့က ပူးပေါင်း ဆောင်ရွက်သွားရန်လိုကြောင်း၊ ပညာပေးမှုမှာလည်း အလွန်အရေးကြီးပါကြောင်း၊ စားသုံးသူများအနေဖြင့် ငါးသလောက်ဥ စားသုံးခြင်း ကဲ့သို့သော ငါးပြုန်းတီးမှုဖြစ်ပေါ်နိုင်သည့် အခြေအနေကို ထိန်းသိမ်းပေးကြရန် လိုအပ်ပါကြောင်း ဆွေးနွေးပြောကြားသည်။
ယနေ့ကျင်းပသည့် ငါးသလောက် ငါးမျိုးများ ထိန်းသိမ်းရေးနှင့် ဈေးကွက်မြှင့်တင်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် ငါးလုပ်ငန်းဦးစီးဌာနက ဆောင်ရွက်လျက်ရှိသည့် ငါးသလောက် ငါးဖမ်းလုပ်သားများ၏ လူမှုစီးပွားရေးဘဝ စစ်တမ်းများ၊ ဈေးကွက်၏ ပြောင်းလဲမှု အခြေအနေများကို လေ့လာထားသည့် သုတေသနများ၊ ငါးသလောက်နှင့်ပတ်သက်၍ မျိုးပွားခြင်း၊ သားပေါက်ခြင်း၊ အရွယ်ရောက်ခြင်း၊ ရွှေ့ပြောင်းကျက်စားခြင်း စသည့် ငါးသလောက်၏ ဇီဝဗေဒ ၊ ဂေဟဗေဒ လေ့လာမှု စာတမ်းများ၊ ဌာနနှင့် ပုဂ္ဂလိကပူးပေါင်း၍ သုတေသနလုပ်ငန်းများ အဆင့်မြှင့်တင် နိုင်ရေးဆိုင်ရာများကို ဆွေးနွေးခဲ့ကြပြီး ငါးသလောက် ငါးမျိုးများ ထိန်းသိမ်းရေးနှင့် ဈေးကွက်မြှင့်တင်ရေးအတွက် ရေတိုရေရှည် လုပ်ငန်းအစီအမံများ ချမှတ်ဆောင်ရွက်နိုင်ရေး ဖော်ထုတ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


