နေပြည်တော် ဇန်နဝါရီ ၁၂

 

မြန်မာနိုင်ငံ၏ အပစ်အခတ်ရပ်စဲမှု၊ ငြိမ်းချမ်းရေးဖော်ဆောင်မှုတို့ကို တိုးမြှင့်ရန်နှင့် တရုတ်- မြန်မာ နယ်စပ်ဒေသ၌ နေထိုင်သည့် ပြည်သူများ၏ လူနေမှုဘဝ တိုးတက်ရေးတို့အတွက် ရည်ရွယ်၍ တရုတ် ပြည်သူ့သမ္မတနိုင်ငံအစိုးရမှ နယ်စပ်ရေးရာဝန်ကြီးဌာနသို့ အမေရိကန်ဒေါ်လာ နှစ်သိန်း ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသော ဗိုလ်ချုပ်ခွန်သန့်ဇော်ထူးနှင့် ဗိုလ်မှူးချုပ်ဖြိုးသန့်၊  ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင် နှင့်သံရုံး ကိုယ်စားလှယ်အဖွဲ့များ တက်ရောက်ကြသည်။

 

ရှေးဦးစွာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင် က မြန်မာနိုင်ငံ၏ အပစ်အခတ်ရပ်စဲမှု ၊ ငြိမ်းချမ်းရေးဖော်ဆောင်မှုတို့ကို တိုးမြှင့်ရန်နှင့် တရုတ် - မြန်မာ နယ်စပ်ဒေသ၌ နေထိုင်သည့် ပြည်သူများ၏ လူနေမှုဘဝ တိုးတက်ရေးတို့အတွက် ရည်ရွယ်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လှူဒါန်းငွေများ ပေးအပ်လှူဒါန်းရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

 

ထို့နောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရကိုယ်စား မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးက  လွှဲပြောင်းပေးအပ်လှူဒါန်းသော အမေရိကန်ဒေါ်လာ နှစ်သိန်းကို ပြည်ထောင်စုဝန်ကြီးက လက်ခံ ရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အမှတ်တရလက်ဆောင် ပစ္စည်းများကို ပြန်လည်ပေးအပ်သည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီး  ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က လှူဒါန်းငွေများ ပေးအပ် လှူဒါန်းခြင်းအတွက် ကျေးဇူးတင်စကားပြောကြားကာ နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေး နှင့်  ဖွံ့ဖြိုး‌တိုးတက်ရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းများနှင့် ပတ်သက်၍ ဆက်လက် ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များကို  ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်