လန်ဒန် ဇန်နဝါရီ ၁၃
ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကျန်းမာရေးစည်းမျဉ်းများချိုးဖောက်ပြီး ယမန်နှစ် မေ ၂၀ ရက်က လူစုလူဝေးဖြင့် အခမ်းအနား ကျင်းပခဲ့သော ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်အား ရာထူးမှ နုတ်ထွက်ပေးရန် အတိုက်အခံများက တောင်းဆိုခဲ့ကြောင်း သိရသည်။ ။
ထို့ပြင် ဗြိတိန်အစိုးရက ချမှတ်ထားသည့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စည်းမျဉ်းများအား ချိုးဖောက်ခဲ့သဖြင့် ဂျွန်ဆင်၏ ပါတီဖြစ်သော ကွန်ဆာဗေးတစ် ပါတီဝင်အချို့ကလည်း ၎င်းအားရာထူးမှ နုတ်ထွက်ပေးရန် အလားတူတောင်းဆိုခဲ့ကြောင်း သိရသည်။ ဝန်ကြီးချုပ်ဂျွန်ဆင်သည် ယခုလက်ရှိအချိန်တွင် မိမိအမှားကို ဝန်ခံပြီး တောင်းပန်မှုပြုလုပ်ပါက လက်ရှိအခြေအနေတင်းမာမှုများ လျော့ကျသွားနိုင်ကြောင်း ကွန်ဆာဗေးတစ် ကိုယ်စားလှယ်တစ်ဦးက ပြောကြားသည်။
အဆိုပါ အခမ်းအနားကျင်းပခဲ့သည့်အတွက် မိမိစိတ်မကောင်းဖြစ်မိကြောင်း ဂျွန်ဆင်က ပါလီမန်၌ တောင်းပန်စကား ပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားသို့ ဂျွန်ဆင်နှင့် ၎င်း၏ဇနီး ကယ်ရီတို့သည် အခြားဝန်ထမ်းများနှင့်အတူ တက်ရောက်ခဲ့ပြီး ဂျွန်ဆင်၏ အတွင်းရေးမှူး မာတင်ရေးနိုးက၎င်းအခမ်းအနားအတွက် ဖိတ်ကြားခြင်းကို အီးမေးလ်ဖြင့် ပေးပို့ခဲ့ကြောင်း အိုင်တီဗီနယူးစ်က ပြောကြားသည်။ အထက်ပါအကြောင်းအရာနှင့် ပတ်သက်ပြီး ဖြေရှင်းပြောကြားရန် ဂျွန်ဆင်၏ ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုခဲ့သည်။
ကိုးကား - စီဂျီတီအင်န်
ဘာသာပြန် - စိုးသူရ