ပွင့်ဖြူ ဇန်နဝါရီ ၁၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ကျောင်းသား/ကျောင်းသူများ ပညာသင်ယူမှု အခွင့်အလမ်းများရရှိစေရန်နှင့် ကာကွယ်ဆေးလွှမ်းခြုံမှု အလျင်အမြန်ရရှိစေရေးအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေး တစ်ကြိမ်မျှမထိုးနှံရသေးသည့် အသက်(၁၂)နှစ်အထက် ကျောင်းသား/ကျောင်းသူများကို ဇန်နဝါရီ ၁၂ ရက် နံနက်ပိုင်းက ဆေးထိုးစုရပ် (၇)နေရာတွင် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံဆောင်ရွက်ပေးလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။
အဆိုပါအသက်(၁၂)နှစ်အထက် ကျောင်းသား/ကျောင်းသူများ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဆေးထိုးစုရပ် (၇)နေရာခွဲ၍ ဆရာ/ဆရာမများနှင့် စေတနာ့ဝန်ထမ်း (Volunteer) အဖွဲ့ဝင်များက စုပေါင်းကူညီ ဆောင်ရွက်ပေးခဲ့ကြပြီး ဆေးထိုးစုရပ် (၇)နေရာတွင် ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံသည့် ကျောင်းသား/ကျောင်းသူ ၁၀၃၇ ဦးတို့အား ကျန်းမာရေးဝန်ထမ်းများက သတ်မှတ်စည်းကမ်းချက်များနှင့်အညီ စနစ်တကျ ထိုးနှံဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်အတွင်း အခြေခံပညာအထက်တန်းကျောင်းနှင့် အလယ်တန်းကျောင်းများမှ တစ်ကြိမ်မျှ ကာကွယ်ဆေးမထိုးနှံရသေးသည့် ကျောင်းသားကျောင်းသူများနှင့် ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့် အသက်(၁၂)နှစ်အထက် ကျောင်းသားကျောင်းသူများကို ဆက်လက်ထိုးနှံ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်ထံမှ သိရသည်။
ခင်ဝါဝါလှိုင် (ပြန်/ဆက်)


