မိုးမိတ် ဇန်နဝါရီ ၁၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ၏ လယ်ယာထွက်ကုန်များ ဈေးနှုန်းသက်သာစွာဖြင့် ဈေးကွက်သို့ လွယ်ကူလျင်မြန်စွာ ပို့ဆောင်နိုင်စေရန် ရည်ရွယ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ခိုတာကျေးရွာအုပ်စု၊ ခိုတာကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ဆောင်ရွက်နေမှု အခြေအနေများကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မိုးမိတ်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမျိုးဇော်ထွန်းနှင့် ဝန်ထမ်းများက သက်ဆိုင်ရာကုမ္ပဏီမှ တာဝန်ရှိသူများ၊ ကျေးရွာဖွံ့ဖြိုးရေး ကော်မတီဝင်များနှင့်အတူ ခိုတာကျေးရွာတွင် ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်စံချိန်စံညွှန်း ပြည့်မီစွာဖြင့် အချိန်မီပြီးစီးရေး ဆွေးနွေးမှာကြားသည်။
ခိုတာကျေးရွာ ကျေးလက်ကုန်ထုတ်လမ်းကို ယခုဘဏ္ဍာနှစ်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေ ၃၆ ဒသမ ၀၆ သန်းဖြင့် လမ်းအရှည် ၁ မိုင်၊ အကျယ် ၁၂ ပေ၊ အမြင့် ၆ လက်မထုခင်းခြင်းကို တင်ဒါအောင်မြင်သည့် ကုမ္ပဏီက ဒီဇင်ဘာလ တတိယပတ်က စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါ လုပ်ငန်းအားလုံး၏ ၆၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ပြီးစီးပါက ကျေးရွာရှိ အိမ်ခြေ (၂၂၅)အိမ်၊ လူဦးရေ (၁၀၃၄)ဦးတို့၏ ကျေးလက် လယ်ယာထုတ်ကုန် ဧက(၁၀၆၉)ကျော် အကျိုးပြုမည်ဖြစ်ကြောင်း၊ လယ်ယာထွက်ကုန်များကို စျေးကွက်သို့ အချိန်မီ လွယ်ကူလျင်မြန်စွာ ရောက်ရှိနိုင်သည့်အပြင် လမ်းပန်းဆက်သွယ်ရေးလည်း ကောင်းမွန်လာသဖြင့် ဒေသခံပြည်သူများအတွက် လယ်ယာသုံး စက်ပစ္စည်းများ သွားလာရေးနှင့် လယ်ယာထွက်ကုန်များ၏ သယ်ယူပို့ဆောင်ရေးများ အဆင်ပြေမည်ဖြစ်ကြောင်း မိုးမိတ်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမျိုးဇော်ထွန်းက ပြောသည်။
စိုးမိုးကျော်


