ငဖဲ ဇန်နဝါရီ ၁၃
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် တောင်ပေါ်ဒေသတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးစီးသော ဌာနဆိုင်ရာများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့(၁)နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဦးစီးသော ပူးပေါင်းအဖွဲ့(၂)တို့သည် ဇန်နဝါရီ ၁၂ ရက်က မကန်းကျေးရွာတွင် ဘိန်းစိုက်ပျိုးမှု လျော့နည်းပပျောက်ရေး အသိပညာပေးဟောပြောပြီး ကျေးရွာများတွင် ဘိန်းခင်းများ ဆက်လက်ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ငဖဲမြို့နယ် ရဲတပ်ဖွဲ့မှူး ဦးစီးသော ဌာနဆိုင်ရာများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့(၁)သည် မကန်းကျေးရွာခွဲတာဝန်ခံ နေအိမ်တွင် ဒေသခံတောင်သူများနှင့် တွေ့ဆုံ၍ မှုခင်းကျဆင်းရေးနှင့် ဘိန်းစိုက်ပျိုးမှုမပြုလုပ်ရန်၊ ဘိန်းစိုက်ပျိုးပါက တရားဥပဒေနှင့်အညီ အရေးယူခံရမည်ဖြစ်ကြောင်း၊ ဘိန်းအစား အခြားဝင်ငွေကောင်းသည့် အစားထိုးသီးနှံများ စိုက်ပျိုးရန်နှင့် ဘိန်းမျိုးစေ့များရှိပါက လာရောက်အပ်နှံပေးရန် အသိပညာပေးပြောကြားခဲ့ပြီး ပဘဲကျေးရွာသို့ သွားရောက်ပြီး တောတောင်များအတွင်း ကွင်းဆင်းရှာဖွေစစ်ဆေးရာ ပဘဲကျေးရွာ၏ အနောက်တောင်ဘက် (၅)မိုင်ကျော်ခန့်အကွာ တုံးကြီးလမ်းဆုံ၏ အောက်ဘက် တောင်ကမ်းပါးယံစောင်းတွင် စိုက်ပျိုးထားသော အမြင့် ၂ ပေခွဲခန့်ရှိ သီး၊ ပွင့်ဆဲ ဘိန်းခင်း ၂ ဧကခန့်တို့ကို တွေ့ရှိရကာ ပူးပေါင်း၍ ဝိုင်းဝန်းဖျက်ဆီးခဲ့ကြသည်။
ထို့အတူ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဦးစီးသော ဌာနဆိုင်ရာများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့(၂)သည် ဇန်နဝါရီ ၁၂ ရက်က ရှောက်ရင်းကျေးရွာ ပတ်ဝန်းကျင်ရှိ တောတောင်များအား ကွင်းဆင်းရှာဖွေစစ်ဆေးရာ ကျေးရွာ၏ တောင်ဘက် ၂ မိုင်ကျော် ခန့်အကွာ တောင်စောင်း ကမ်းပါးယံများတွင် အမြင့် ၂ ပေခွဲခန့်ရှိ သီး၊ ပွင့်ဆဲ ဘိန်းခင်း ၃ ဒသမ ၅ ဧကခန့်တို့ကို တွေ့ရှိရ၍ ပူးပေါင်းဝိုင်းဝန်းဖျက်ဆီးခဲ့ကြကြောင်း သိရသည်။
မယု (ငဖဲ)


