သထုံ ဇန်နဝါရီ ၁၃

 

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း စိုက်ပျိုးကြသည့် ကွမ်းရွက်များ ဈေးကောင်းရနေသောကြောင့် ကွမ်းစိုက်တောင်သူ‌များ အဆင်ပြေကြကြောင်း ကွမ်းစိုက်တောင်သူ‌အချို့၏ ပြောကြားချက်ရ သိရသည်။

 

“ကွမ်းက အထွက်နည်းလာပြီလေ၊ အထွက်နည်းတော့ ဈေးတက်တာပေါ့၊ ကျွန်မတို့က နေ့စားမငှားဘဲ ကိုယ်တိုင်လုပ်တာဆိုတော့ ကျန်ပါတယ်၊ ‌ငှားရင်မကိုက်ဘူး၊ လွန်ခဲ့တဲ့နှစ်‌တွေက ရာသီဥတုမကောင်း၊ ပိုးကလည်းကျနဲ့ ကွမ်းစိုက်သူတွေ တော်တော်ရှုံးခဲ့တော့ သိပ်မစိုက်ကြတော့ဘူး၊ ကွမ်းမျိုးမပြတ်ရုံလောက်ဘဲ စိုက်ကြတယ်၊ ဒီနှစ်ကတော့ မဆိုးဘူးလို့ပြောရမှာပေါ့။ နေ့စားမငှားဘဲ ကိုယ်တိုင်လုပ်နိုင်ရင်တော့ ကျန်ပါတယ်” ဟု နောင်ဘိုကျေးရွာမှ ကွမ်းစိုက်တောင်သူ ဒေါ်သန်းဌေးက ပြောသည်။

 

ကွမ်းရွက် တိုင် ၁၀၀၀ စိုက်ပျိူးပါက ခန့်မှန်းကုန်ကျစရိတ် ကျပ် ၁၀ သိန်းကျော်ခန့်ရှိပြီး အထွက်အကောင်းဆုံးအချိန်၌ တစ်ကြိမ်ခူးပါက ပိဿာချိန် ၅၀ ‌ခန့်ရရှိကာ တစ်လလျှင် နှစ်ကြိမ်အရွက်ခူးနိုင်‌ကြောင်း ၎င်းက ပြောသည်။

 

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ခရီးသွားလာရမှု အခက်အခဲများဖြစ်ပြီး အရောင်းအဝယ် ရပ်ဆိုင်းလုနီးပါးဖြစ်ခဲ့ရာ ကွမ်းရွက်ဝယ်ယူမှုလည်း အခိုက်အတန့် ရပ်နားမှုရှိခဲ့ကြောင်း၊ ကွမ်းဈေးကျ၍ အရောင်းအဝယ် မရှိသလောက်ဖြစ်ခဲ့ရာမှ ခရီးသွားလာမှု ကုန်စည်စီးဆင်းမှု ပြန်လည်လည်ပတ်နိုင်ချိန်၌ အရောင်းအဝယ် ပြန်လိုက်လာခြင်းနှင့်အတူ အထွက်နှုန်းကျချိန်လည်းဖြစ်ရာ ဈေးကောင်းရနေခြင်းဖြစ်ကြောင်း ကွမ်းရွက်အရောင်းဝယ်လုပ်ကိုင်သည့် ကွမ်းဒိုင်အချို့က ပြောသည်။

 

ယခုနှစ် ကွမ်းစိုက်ရာသီတွင် ရာသီဥတု ကောင်းမွန်သောကြောင့် အထွက်နှုန်းကောင်းမွန်ပြီး လက်ရှိအချိန် အထွက်နှုန်းကျလာချိန်၌ ယာကွမ်းအရွက် တစ်ပိဿာ ၃၀၀၀ ကျပ် မှ ၃၅၀၀ ကျပ်အထိ ခြံဈေးရရှိကြောင်း၊ ယခင်က စီးပွားဖြစ် ကွမ်းစိုက်ပျိုးသူ အများအပြားရှိခဲ့သော်လည်း သုံးနှစ်ဆက်တိုက်ခန့် မိုးရာသီတွင် မိုးများပြီး ရွက်ပုတ်(ဆစ်ပိုး) ကျ၍ ပျက်စီးမှုများနှင့် နွေရာသီတွင် ရေပြတ်၍ အပင်သေဆုံးမှုများကြောင့် ဆုံးရှုံးမှုများရှိခဲ့ရာ ယခုအခါ စိုက်ပျိုးသူလျော့နည်းလာကြောင်း သိရသည်။

 

သထုံမြို့နယ်အတွင်းမှ ထွက်ရှိသည့်ကွမ်းရွက်များကို ဒေသတွင်းစားသုံးမှု‌အပြင် မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူး၊ ရန်ကုန်မြို့များသို့ အများဆုံးတင်ပို့ရောင်းချလျက်ရှိကြောင် သိရသည်။

 

ကိုကိုဦး(ပြန်/ဆက်)