ရေး ဇန်နဝါရီ ၁၃

မွန်ပြည်နယ် ရေးမြို့နယ် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းတွင် ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေးနှင့် ကျန်းမာရေးအသိပညာပေးဆိုင်ရာ ဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီက အဆိုပါသင်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါဟောပြောပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကိုကိုဦးနှင့် ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် သင်တန်းနည်းပြ ဆရာမများ၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။ ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကိုကိုဦးက ကျန်းမာရေးဆိုင်ရာ အသိပညာဗဟုသုတများရရှိစေရန်၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများမှ ကာကွယ်တက်ကြစေရန်နှင့် လူကုန်ကူးခံရမှု အကြောင်းများ ဗဟုသုတရစေရန် ရည်ရွယ်၍ အခုလိုဟောပြောပွဲများကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။ ဆက်လက်၍ လူကုန်တားအထူးရဲတပ်ဖွဲ့ ရဲအုပ်အောင်ကျော်ထူးက လူကုန်ကူးခံရမှု ဖြစ်စဉ်များအကြောင်း၊ လူကုန်ကူးခံရမှု နည်းလမ်းများ၊ ဆောင်ရန် ရှောင်ရန်များအကြောင်းနှင့် လူကုန်ကူးမှုဖြစ်ပွားပါက အရေးပေါ်ဆက်သွယ်ရမည့် ဖုန်းနံပါတ်များအကြောင်း ဟောပြောပြီး မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မြစန္ဒာညိုက အမျိုးသမီးငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများအကြောင်းနှင့် အမျိုးသမီးကျန်းမာရေးမှူး ဒေါ်အေးအေးမွန်က အမျိုးသမီးများ သိသင့်သိထိုက်သည့် ကျန်းမာရေးဗဟုသုတများ အကြောင်းများကို ဟောပြောခဲ့ကြသည်။

ထို့နောက် လူကုန်တားအထူးရဲတပ်ဖွဲ့ ရဲအုပ်အောင်ကျော်ထူးက တက်ရောက်လာကြသည့် သင်တန်းသူများအား လူကုန်ကူးမှု လက်ကမ်းစာစောင်များနှင့် ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်ကြမည့်သူများ သိရှိထားသင့်သည့် လုပ်ဆောင်ရမည့် နည်းလမ်းအဆင့်ဆင့် လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ခင်သိမ့်သိမ့်ရည်၊ (ပြန်/ဆက်)