မင်းဘူး ဇန်နဝါရီ ၁၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရား ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို ယခုနှစ်တွင် အစဉ်အလာမပျက် ကိုဗစ်-၁၉ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ပြီး ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မန်းရွှေစက်တော် ဘုရားပွဲတော်ကျင်းပရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းထံမှ သိရသည်။
မန်းရွှေစက်တော် ဘုရားပွဲတော်ကြီးကို ယခုနှစ်တွင် အစဉ်အလာမပျက် ဖွင့်လှစ်နိုင်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ တင်ပြထားရှိပြီး ကိုဗစ်စည်းကမ်းချက်များနှင့်အညီ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၅ ရက် (တပို့တွဲလဆန်း ၅ ရက်) နေ့တွင် ဖွင့်လှစ်ကျင်းပသွားမည်ဖြစ်ကြောင်း၊ ဘုရားဖူးလာရောက်ကြသူများ အဆင်ပြေစေရန် တည်းခိုဆောင် ၁၀၀ နှင့် ဈေးဆိုင်ခန်း ၁၀၀ ဆောက်လုပ်ပေးသွားမည်ဖြစ်ကြောင်း ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက ပြောသည်။
ဘုရားပွဲတော် ကျင်းပပြုလုပ်နိုင်ရန် ဆောင်ရွက်မည့်နေရာများကို ပွဲတော်ကျင်းပရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဇန်နဝါရီ ၁၂ ရက် နံနက်ပိုင်းက သွားရောက်ကွင်းဆင်းကြည့်ရှုခဲ့ပြီး တည်းခိုဆောင်နှင့် ဆိုင်ခန်းနေရာများ ဆောက်လုပ်နိုင်ရေး မြေနေရာများသတ်မှတ်ကာ မန်းချောင်းရေလမ်းကြောင်းလွှဲခြင်းနှင့် ပြုပြင်ခြင်းများ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။
“ခြေတော်ရာဖွင့်လှစ်တာကတော့ နှစ်စဉ် ဒေသရဲ့ ဒလေ့ထုံးတမ်းအစဉ်အလာအရ ဖွင့်လှစ်ပေးရတဲ့ ဓလေ့ရှိပါတယ်။ ၂၀၂၀ ပြည့်နှစ်မှာတော့ ပွဲတော်ကျင်းပဆဲအချိန်က ကိုဗစ်-၁၉ ရောဂါကြောင့် ပိတ်သိမ်းခဲ့ရပြီး ဖွင့်ပွဲ/ပိတ်ပွဲတွေကို ရှေးအစဉ်အလာ ရိုးရာမပျက် အကျဉ်းချုံးပြီး ပြုလုပ်ခဲ့ရတာပါ။ ဒီနှစ်မှာတော့ တပို့တွဲလဆန်း ၅ ရက်နေ့မှာ မန်းရွှေစက်တော်ဘုရား ဩဝါဒဆရာတော်ကြီးများနဲ့ တာဝန်ရှိသူတွေက အထက်စက်တော်ရာ ခြေတော်ရာသံတံခါးနဲ့ အောက်ခြေတော်ရာ ဖန်အုပ်စောင်းကြီးကို ဖွင့်လှစ်ပြီး ဘုရားပွဲတော် ကျင်းပပြုလုပ်သွားဖို့ စီစဉ်နေပါတယ်။ ဘုရားဖူးမြော်ခွင့်ကတော့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ လူဦးရေ (၂၀၀)ထက်မပိုတဲ့ သတ်မှတ်စည်းကမ်းချက်တွေနဲ့ ဆောင်ရွက်မှာဖြစ်ပြီး ဘုရားဖူးလာမယ်ဆိုရင်တော့ ကိုဗစ်ကာကွယ်ဆေးထိုးနှံထားတဲ့ အထောက်အထားပါမှသာ ဖူးမြော်ခွင့်ပြုမှာဖြစ်ပါတယ်။ လုံခြုံရေးအနေနဲ့က မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်တွေ့နဲ့ ဘုရားဝန်ထမ်းတွေက လှေတင်တံတားထိပ်ကနေ နေ့စဉ်အလှည့်ကြ တာဝန်ယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု မန်းရွှေစက်တော် ဘုရားဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်စိုးက ပြောသည်။
မန်းရွှေစက်တော်ရာ ပါဒစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ်တပို့တွဲလဆန်း ၅ ရက်နေ့မှ မြန်မာနှစ်ဆန်း ၁ ရက်နေ့ထိ ရက်ပေါင်း ၈၀ ကြာ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လေ့ရှိကြောင်း၊ မြန်မာနိုင်ငံအတွင်း မြတ်စွာဘုရားရှင် ကြွရောက်တော်မူပြီး ထူးကဲလှသော သမိုင်းဝင် ဘုရားပွဲတော်ကြီးဖြစ်သည့်အတွက် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူး ရဟန်းရှင်လူ မိဘပြည်သူများက နှစ်စဉ် စည်ကားများပြားစွာ လာရောက်ဖူးမြော်လေ့ရှိကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)


