မူဆယ် ဇန်နဝါရီ ၁၃
ကျန်းမာရေးနှင့် ကိုက်ညီခြင်းမရှိသည့် ဖမ်းဆီးရမိ စားသုံးရန်မသင့်သော စားသောက်ကုန်များနှင့် လူသုံးကုန်ပစ္စည်းများအား ယနေ့နံနက် ၁၁ နာရီခွဲက ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့ အကောက်ခွန်ဦးစီးဌာနဝင်းအတွင်း၌ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
မူဆယ်မြို့နယ် အကောက်ခွန်ဦးစီးဌာန၊ မြို့နယ်ရုံးနှင့် မူဆယ်(OSS)တို့မှ ဖမ်းဆီးရရှိထားသော တရုတ်စာတမ်းပါ ဖဲထုပ်များ၊ စီးကရက်များ၊ Phoxin GR ပိုးသတ်ဆေးထုပ်များ၊ Profenofos Phoxin EC ပိုးသတ်ဆေးပုလင်းများ၊ Jinghui အမှတ်တံဆိပ်ပါ အမဲသားခေါက်ဆွဲဘူးများ၊ Veture အမှတ်တံဆိပ်ပါ မုန့်များ၊ တရုတ်ကွမ်းသီးပေါင်းများ၊ RIO အမှတ်တံဆိပ်ပါ Corktil များ၊ တရုတ်နိုင်ငံထုတ် အရက်ဖြူများ၊ မှိုခြောက်များ၊ သကြားလုံးများ၊ ခေါက်ဆွဲခြောက်များ၊ အချိုရည်များ၊ ရောနှောဆီများ၊ အစပ်ပြားထုတ်များ စုစုပေါင်း ကာလတန်ဖိုးငွေကျပ် ၂၀၄၅၈၀၀၀ ရှိ စားသုံးရန်မသင့်သော စားသောက်ကုန်များနှင့် လူသုံးကုန်ပစ္စည်းများအား အကောက်ခွန်ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် အခွန်ဦးစီးဌာနတို့မှ ပူးပေါင်းကာ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။
ချယ်ရီမြေ(မူဆယ်)


