ဇန်နဝါရီ ၁၃

 

စစ်ကိုင်းတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၂)ကို ဇန်နဝါရီ ၁၃ ရက်၊ နံနက် ၉ နာရီက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မုံရွာခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အမှာစကားပြောကြားရာတွင်  စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြို့နယ်များရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီများအနေဖြင့် ဦးတည်အုပ်စုအလိုက် Phase 6 ကာကွယ်ဆေးများကို လျာထားရည်မှန်းချက်များအတိုင်း အောင်မြင်စွာ ထိုးနှံနိုင်ရေးအတွက် တာဝန်ရှိသူများက အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ ကာကွယ်ဆေးများအား မြို့နယ်များသို့ စနစ်တကျခွဲဝေပေးရေး၊ ဆေးများကို ပျက်စီးမှုမရှိအောင် သယ်ဆောင်ထိန်းသိမ်းရေးနှင့် အချိန်မီရောက်ရှိရေး၊ ထိုးနှံနိုင်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ အထူးအလေးထား ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊  ကူးစက်မှုများ လျော့ကျသွားသော်လည်း အသိပညာပေးခြင်းနှင့် ကြပ်မတ်စစ်ဆေးမှုများအား မလျော့ချဘဲ သက်မှတ်စည်းကမ်းချက်များအတိုင်း ပြုမူနေထိုင်ကာ လိုက်နာရန်လိုအပ်ပါကြောင်းနှင့် အခြေအနေပေးသည့် နေရာများတွင် ရောဂါပိုးစစ်ဆေးခြင်းနှင့် ကာကွယ်ဆေးထိုးနှံခြင်းကို ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ထပ်ဆောင်းကာကွယ်ဆေး Booster Dose ထိုးနှံနိုင်ရေးအတွက် တာဝန်ရှိများက စာရင်းများ ကြိုတင်ပြုစု ပြင်ဆင်ထားကြရန် လိုအပ်ပါကြောင်း၊ ကာကွယ်ဆေး မထိုးနှံရသေးသည့် ပြည်သူများအား သတ်မှတ်စုရပ်နှင့် ရွေ့လျားဆောင်ရွက်မှုရပ်များတွင် အဆင်ပြေစွာ ဆေးထိုးနှံရေးအတွက် တာဝန်ရှိသူများက အသိပညာပေးခြင်းလုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

 

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသော တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများက နေ့စဉ်ရောဂါပိုးစစ်ဆေးတွေ့ရှိမှု၊ ဆေးရုံတက်ရောက်ကုသမှုနှင့် ဆေးရုံဆင်းမှု၊ အောက်ဆီဂျင်ထုတ်လုပ်သုံးစွဲမှု၊ သတ်မှတ်လျာထားချက် ပြည့်မီအောင် ကာကွယ်ဆေးထိုးနှံမှု အခြေအနေများနှင့် လုံခြုံရေးဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် ပတ်သက်၍ အသီးသီးအကြံပြု ဆွေးနွေးတင်ပြကြသည်။

 

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီးဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

 

တိုင်းဒေသကြီး(ပြန်/ဆက်)