သာယာဝတီ ဇန်နဝါရီ ၁၃
သာယာဝတီမြို့၊ ဆရာစံခန်းမ၌ ဇန်နဝါရီ ၁၃ ရက် နံနက်ပိုင်းက သာယာဝတီခရိုင် ပန်းခင်းစီမံချက် လျာထားချက် ရာနှုန်းပြည့်ပြီးမြောက်အောင်မြင်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်၏ အနာဂတ်အတွက် မဖြစ်မနေဆောင်ရွက်ရမည့် နိုင်ငံသားတိုင်းကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်နိုင်ရေး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ နိုင်ငံနှင့်အဝန်း ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးလျက်ရှိရာ ပဲခူးတိုင်းဒေသကြီးအတွင်း လူဦးရေ (၁၅၉၅၇၆)ဦး ဆောင်ရွက်ပေးရမှာဖြစ်ကြောင်း၊ ယခုအခါ သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်(၈)မြို့နယ်တွင် ပန်းခင်းစီမံချက် လျာထားချက်ရာနှုန်းပြည့် ပြီးမြောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သဖြင့် ဂုဏ်ယူဝမ်းမြောက်မိကြောင်း၊ နိုင်ငံတော်အတွက် အရေးကြီးသည့် လုပ်ငန်းစဉ်တစ်ခုဖြစ်သော (Eid) လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် မိမိတို့ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးများအတွက် ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်း(၁)စုံစီ ထောက်ပံ့ကူညီပေးသွားမှာ ဖြစ်ကြောင်း၊ နိုင်ငံသားတစ်ယောက်ရဲ့ လူမှုဘဝလုပ်ငန်းများတွင် မရှိမဖြစ်လိုအပ်သော နိုင်ငံသားစိစစ်ရေးကတ်ပြားအား တစ်ယောက်မကျန် ထုတ်ပေးနိုင်ရေး ဆောင်ရွက်ပေးရမည်ဆိုသည့် ခံယူချက်ဖြင့် ဝန်ထမ်းများအားလုံး အားကြိုးမာန်တက် တက်ညီလက်ညီ ဆောင်ရွက်ပေးသွားရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က သာယာဝတီခရိုင်တွင် ပန်းခင်းစီမံချက် လျာထားချက် ရာနှုန်းပြည့် ပြီးမြောက်အောင်မြင်ခဲ့သည့်အတွက် သာယာဝတီခရိုင်အုပ်ချုပ်ရေးမှူး၊ သာယာဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)၊ အတွင်းရေးမှူးနှင့် သာယာဝတီခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်းအားဦးစီးမှူးတို့အား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးအောင်မင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အတွင်းရေးမှူးနှင့် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရှိ ဝန်ထမ်းများ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့သည်။
သာယာဝတီခရိုင်အတွင်း မြို့နယ်(၈)မြို့နယ်၊ ရပ်ကွက်(၇၀)ရပ်ကွက်၊ ကျေးရွာအုပ်စု(၃၉၇)အုပ်စု၊ ကျေးရွာ(၂၀၅၃)ရွာဖြင့် ဖွဲ့စည်းထားရှိပြီး ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးရန် လျာထားလူဦးရေ (၄၄၀၃၄)ဦးဖြစ်သော်လည်း လူဦးရေ(၄၅၁၆၃)ဦး ဆောင်ရွက်ပေးနိုင်ခဲ့သဖြင့် ပြီးစီးမှုရာခိုင်နှုန်း (၁၀၂ ဒသမ ၅၆) ရာခိုင်နှုန်းဖြစ်ပြီး သတ်မှတ်ကာလထက်(၉)လ ပိုမိုစောပြီးအောင် ဆောင်ရွက်ပေးနိုင်ခဲ့သည့်အပြင် ပဲခူးခရိုင်အတွင်းမှာလည်း ပန်းခင်းစီမံချက် လျာထားချက် ပြည့်မီကျော်လွန်အောင် ဆောင်ရွက်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။
တင်စိုး(ပဲခူး)


