နေပြည်တော်   ဇန်နဝါရီ   ၁၃

 

လမ်းနယ်များ စိမ်းလန်းစိုပြည်ရေးအတွက် ၂၀၂၁ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပြီးစီးမှုနှင့် ၂၀၂၂ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးမည့် အစီအစဉ်နှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇန်နဝါရီ ၁၃ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမတွင် ကျင်းပသည်။

 

ရှေးဦးစွာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်းဦးက ၂၀၂၁ ခုနှစ် မိုးရာသီတွင် ပျိုးပင်ပေါင်း ၅၂ ဒသမ ၃၇၅ သန်း စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ၊ စီမံခန့်ခွဲရေးကော်မတီ၏ နိုင်ငံအတွင်းရှိ ကားလမ်းများ၊ လမ်းနယ်များ စိမ်းလန်း စိုပြည်ရေးအတွက် သစ်တောကွက်များ စနစ်တကျဖော်ထုတ် စိုက်ပျိုးနိုင်ရေး စီမံဆောင်ရွက်သွားရန် လမ်းညွှန်ချက်နှင့် အညီ လမ်းနယ်များ စိမ်းလန်းစိုပြည်ရေးအတွက် သစ်တောဦးစီးဌာနမှ ပျိုးပင်များ ဖြန့်ဝေခဲ့ရာ သစ်တောဦးစီးဌာန၊ လမ်းဦးစီးဌာန၊ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန၊ မြန်မာ့မီးရထားတို့မှ ၂၀၂၁ ခုနှစ်၊ မိုးရာသီတွင် အမြင့် နှစ်ပေအထက် ပျိုးပင်ပေါင်း ၂၇၅,၀၀ဝ စိုက်ပျိုးနိုင်ခဲ့ပြီး ရှင်သန် အောင်မြင်မှု ကောင်းမွန်ခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ် မိုးရာသီတွင် ကြုံတွေ့ခဲ့ရသည့် အားနည်းချက်၊ အားသာချက်များကို သင်ခန်းစာယူ၍ ၂၀၂၂ ခုနှစ် မိုးရာသီတွင် အောင်မြင်စွာ ဆောင်ရွက်သွားနိုင်ရေး အတွက် သစ်တောဦးစီးဌာနမှ အရည်အသွေးပြည့်မီသည့် ပျိုးပင်များ ဖြန့်ဝေပေးသွားမည့်အပြင် စိုက်ပျိုးခြင်းနှင့် ပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများအတွက် နည်းပညာများ ကူညီပံ့ပိုးခြင်း ဆောင်ရွက် သွားမည်ဖြစ်ပြီး တက်ရောက်လာသူများကလည်း မိမိတို့အတွေ့ကြုံများအပေါ် မူတည်၍  ပိုမိုကောင်းမွန်အောင် အကြံပြုဆွေးနွေးပေးကြပါရန် ပြောကြားသည်။

 

ဆက်လက်၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဝင်းဖေက နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီ၊ စီမံခန့်ခွဲရေးကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ ဆောက်လုပ်ရေးဝန်ကြီးဌာန အောက်ရှိ လမ်းဦးစီးဌာန၊ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနတို့၏ လမ်းနယ်များအတွင်း အရိပ်ရသစ်ပင်များ စိုက်ပျိုးခြင်းဖြင့် လမ်းတာဘောင်ရေတိုက်စားမှုကို ကာကွယ်ခြင်း၊ လမ်းဘေးတစ်လျှောက် အမြင် တင့်တယ်ခြင်း၊ အပူချိန်လျှော့ချပေးခြင်း၊ လမ်းမကြီးများတွင် လမ်းနယ်ကျူးကျော်မှုကိုပါ ကာကွယ်ခြင်းစသည့် အကျိုးကျေးဇူးများရရှိမည်ဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ် မိုးရာသီတွင် လမ်းနယ်များ စိမ်းလန်းစိုပြည်ရေးအတွက် ပျိုးပင်ပေါင်း ၁၅၃,၀၀၀ ကျော် စိုက်ပျိုးပြီးစီးခဲ့ကြောင်း၊ သစ်တော ဦးစီးဌာနနှင့် ပူးပေါင်း၍ လမ်းနယ်များအတွင်း ၂၀၂၁ ခုနှစ် မိုးရာသီ စိုက်ပျိုးပြီးစီးခဲ့သော သစ်ပင် စိုက်ပျိုးခြင်း ကိစ္စရပ်များနှင့် ၂၀၂၂ ခုနှစ်၊ မိုးရာသီတွင် သစ်ပင်စိုက်ပျိုးမည့် အစီအစဉ်များနှင့် ပတ်သက်ပြီး အစည်းအဝေးသို့ တက်ရောက်လာကြသော ဌာနဆိုင်ရာတာဝန်ရှိသူများ အားလုံးက ဝိုင်းဝန်းအကြံပြု ဆွေးနွေး၍ အဖြေတစ်ခုထွက်အောင် ပူးပေါင်းဆောင်ရွက်ကြိုးစားပေးကြပါရန် ပြောကြားသည်။

 

ယင်းနောက် အစည်းအဝေးသို့ သက်ဆိုင်ရာဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ တက်ရောက်ကြပြီး တိုင်းဒေသကြီး/ ပြည်နယ် သစ်တောဦးစီးဌာနနှင့် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနရှိ ညွှန်ကြားရေးမှူးများက Vritual စနစ်ဖြင့် တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်