ရန်ကုန်   ဇန်နဝါရီ   ၁၃

 

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယမြို့တော်ဝန် ဦးညီညီသည် ကော်မတီဝင် များနှင့်အတူ ဇန်နဝါရီ ၁၃ ရက် နံနက်ပိုင်းက တွံတေးမြို့နယ်၊ ရန်ကုန်ပေါက်ကျေးရွာအနီး ရေပေးဝေရေး စခန်းသို့ရောက်ရှိပြီး Nano Filter ဖြင့် ရေသန့်စင်မှုစနစ် စမ်းသပ်တပ်ဆင် သုတေသနဆောင်ရွက်နေမှု၊ ရေတွန်းစက်ရုံနှင့် ဂါလန်တစ်သိန်းဆံ့ ရေစုကန် နှစ်ကန်နှင့် ရေသန့်စင်စက်ရုံ တည်ဆောက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးသည်။

 

ထို့နောက် တွံတေးမြို့နယ်၊ ရန်ကုန်ပေါက် ကျိုက်သလဲကျေးရွာ ရေနက်ကွင်း ငါးမွေးမြူရေးစခန်းသို့ ရောက်ရှိပြီး မြေဧက ၁၀၉ ဒသမ ၉၃ ဧက၌  ဆောင်ရွက်မည့် ဒလမြို့နယ် နောက်ဆုံး စွန့်ပစ်အမှိုက်ပုံ (Final Disposal Site) တည်ဆောက်ရန် မြေပြင်ဆောင်ရွက်နေကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

 

ထိုမှတစ်ဆင့် ဒုတိယမြို့တော်ဝန်နှင့်အဖွဲ့သည် ဒလရေပေးဝေရေးလုပ်ငန်းအတွက် တွံတေး-ဒလ  ကားလမ်းဘေးရှိ အုန်းပင်ချောင်းတံတားအနီး မူလကွန်ကရစ်ပိုက်အစား 630 mm HDPE Pipe ဖြင့် လဲလှယ် နေမှုကို ရောက်ရှိစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ ဆက်လက်၍ ဒလမြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးသို့ ရောက်ရှိရာ အစည်းအဝေးခန်းမ၌  တာဝန်ရှိသူများအား ပန်းခြံအတွင်း အများသုံးသန့်စင်ခန်း ထားရှိသွားရေး၊ ကလေးအားကစား ကိရိယာများ ထည့်သွင်းထားရှိရေး၊ ဈေးများ သန့်ရှင်းသာယာ သပ်ရပ်ရေး၊ ဈေးရောင်း/ဈေးဝယ်များ စနစ်တကျရှိစေရန်နှင့် သန့်ရှင်းသပ်ရပ်ရေး ကြပ်မတ်ဆောင်ရွက်သွားရန် မှာကြားပြီး တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်