နေပြည်တော် ဇန်နဝါရီ ၁၃
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းထိန်သည် တာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီ ၁၂ ရက် နံနက်ပိုင်းက ရွှေညောင်-ထီးရီ (မွေးမြူရေးဇုန်) -လင်ကွင်း- ညိုမီး-လေးမိုင်ကွေ့ လမ်းတိုးချဲ့မှု လုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေး ပြီး လမ်းဘေး ဝဲ/ယာ ရေနုတ်မြောင်းများ ပြုလုပ် ဆောင်ရွက် ထားရှိရန်၊ ၁၂ ပေ အကျယ်မှ ၂၄ ပေ အကျယ် ကတ္တရာလမ်း ချဲ့ခြင်းဖြစ်သည့်အတွက် ယာဉ်အန္တရာယ် မဖြစ်စေရေး အဆိုပါလမ်းပေါ်ရှိ တံတားများ အဆင့်မြှင့်တင် တည်ဆောက်သွားရန်မှာ ကြားသည်။
အဆိုပါလမ်းသည် မိတ္ထီလာ-တောင်ကြီး- ကျိုင်းတုံ - တာချီလိတ်လမ်း၊ အေးသာယာ-ညောင်ရွှေလမ်းနှင့် တောင်ကြီး-ကျောက်တလုံး - ကက္ကူလမ်းတို့ကို ချိတ်ဆက်ထားသောလမ်း ဖြစ်ကြောင်း သိရသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးသည် အေးသာယာ - ညောင်ရွှေ-မိုင်းသောက် - နမ့်ပန်-တုံဟုံး - ပင်လောင်းလမ်းကို လည်းကောင်း၊ အောင်ပန်း-ပင်မှီ - အင်းတိန်လမ်းကို လည်းကောင်း ကြည့်ရှုစစ်ဆေး သည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ရွာတော် - မြက်ဆက်တောင် - မြက်ဆက်မြောက် - ဘော်နင်းရွာသစ်လမ်းသို့ ရောက်ရှိကာ အရည်အသွေး၊ စံချိန်စံညွှန်းပြည့်မီအောင် ဖောက်လုပ်သွားရန်နှင့် လမ်းဘေး ရေနုတ်မြောင်း တူးဖော်ထားရှိရန် မှာကြားပြီး လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။
အဆိုပါလမ်းသည် မိတ္ထီလာ-တောင်ကြီး ပြည်ထောင်စုလမ်းမကြီးနှင့် ဟဲဟိုး-ဘော်နင်းလမ်းအား ချိတ်ဆက်ထားသော လမ်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


