နေပြည်တော် ဇန်နဝါရီ ၁၃
အာရှ-ပစိဖိတ်ပူးတွဲအဖွဲ့ (Asia Pacific Joint Group – AP JG) ၏ မြန်မာနိုင်ငံ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး(Anti-Money Laundering and Countering the Financing of Terrorism-AML/CFT) လုပ်ငန်းစဉ်များအပေါ် အကဲဖြတ်ခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ၏ တိုးတက်ဆောင်ရွက်ချက်များကို ဆွေးနွေးခြင်းဆိုင်ရာအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၌ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးသို့ ငွေကြေးဆိုင်ရာအရေးယူဆောင်ရွက်ရေးအဖွဲ့ (Financial Action Task Force-FATF) နှင့် အာရှ-ပစိဖိတ်ဒေသ ငွေကြေးခဝါချမှုတိုက်ဖျက်ရေး အဖွဲ့(Asia Pacific Group-APG) အတွင်းရေးမှူးအဖွဲ့မှ ပုဂ္ဂိုလ်များနှင့် AP JG အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ တော်ဗဟိုဘဏ်၊ ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ ဉီးဆောင်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်၊ ဥပဒေရေးရာဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ အထူးစုံစမ်းစစ်ဆေးရေး ဉီးစီးဌာန၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၊ ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ သစ်တောဦးစီးဌာနနှင့် ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့တို့မှ ကိုယ်စားလှယ်များတက်ရောက်ကြသည်။
အစည်းအဝေးတွင် AP JG အဖွဲ့၏ Co chair ဖြစ်သူ အိန္ဒိယနိုင်ငံသား Mr. Yogpal Singh နှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေတို့က အဖွင့်အမှာစကားများ ပြောကြား ကြသည်။
ဆက်လက်၍ မြန်မာနိုင်ငံ၏ AML/CFT ဆိုင်ရာ တိုးတက်ဆောင်ရွက်မှုများကို ဆွေးနွေးပြောကြားရာတွင် ငွေကြေးခဝါချမှုဆိုင်ရာဆုံးရှုံးနိုင်ခြေအန္တရာယ်များကို ဖော်ထုတ်ခြင်းနှင့် ယင်းအန္တရာယ်များကို နားလည်စေရေး အတွက် ကြီးကြပ်ရေးအာဏာပိုင်များနှင့် ညှိနှိုင်းအစည်းအဝေးများ ပြုလုပ်ခြင်း၊ ကုမ္ပဏီအဖွဲ့အစည်းများ (Legal Persons) နှင့်စပ်လျဉ်းသည့် ငွေကြေးခဝါချမှု ဆိုင်ရာဆုံးရှုံးနိုင်ခြေ အန္တရာယ်အကဲ ဖြတ်ရေးကော်မတီ ဖွဲ့စည်းခြင်း၊ ငွေရေးကြေးရေးမဟုတ်သော စီးပွားရေးလုပ်ငန်းများနှင့် ကျွမ်းကျင်မှုဆိုင်ရာ အသက်မွေးဝမ်း ကျောင်းလုပ်ငန်းများအား ရုံးထိုင်စစ်ဆေးခြင်းနှင့် ကွင်းဆင်းစစ်ဆေးရေး အစီအမံများပြုလုပ်ခြင်း၊ ပြည်ပငွေလွှဲဝန်ဆောင်မှု လုပ်ငန်းများကို လိုင်စင်ထုတ်ပေးမှုနှင့် ကြီးကြပ်စစ်ဆေးရေး ဆောင်ရွက်ထားရှိမှု၊ တရားမဝင် ငွေလွှဲ လုပ်ငန်းဆောင်ရွက်သူများကို အရေးယူဆောင်ရွက်မှု၊ ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်း ရေးအဖွဲ့၏ အကောင်အထည်ဖော် ဆောင်ရွက်မှု၊ ငွေကြေးခဝါချမှုဆိုင်ရာပြစ်မှုများကို ဖော်ထုတ်ခြင်းနှင့် စုံစမ်း စစ်ဆေးခြင်း၊ ပြစ်မှုကျူးလွန်ရာမှရရှိသည့် ငွေကြေးနှင့်ပစ္စည်းများအား စီမံခန့်ခွဲမှုကိစ္စရပ်များ ဆောင်ရွက်ခြင်း၊ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးနှင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် များနှင့်အညီ လူအများအပြားသေကျေစေသော လက်နက်များပြန့်ပွား ရေးကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးနှင့် သက်ဆိုင်သည့် အသိပညာပေးရေးဆိုင်ရာ တိုးတက်ဆောင်ရွက်မှုများကို နှစ်ဖက် အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


