နေပြည်တော် ဇန်နဝါရီ ၁၃

 

ပြည်သူ့အငှားအိမ်ရာ တည်ဆောက်ရေးစီမံကိန်းဦးစီးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။

 

အစည်းအဝေးသို့ ပြည်သူ့အငှားအိမ်ရာစီမံကိန်း ဦးစီးကော်မတီဥက္ကဋ္ဌ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးက Video Message ပေးပို့ အမှာစကားပြောကြားရာတွင် စီမံကိန်း အတွက်သုံးစွဲထားသော နိုင်ငံတော်ဘဏ္ဍာငွေများ လေလွင့်မှုမရှိစေရန် ဆောင်ရွက်ဆဲ အဆောက်အဦနှင့် Infrastructure လုပ်ငန်းများကို ပြီးပြတ်အောင်ဆောင်ရွက်ပြီး နေထိုင်လိုသူ ပြည်သူများအား အလျင်အမြန် အငှားချထားပေးနိုင်ခြင်းအားဖြင့် တိုးတက်လာသောလူဦးရေနှင့် လိုအပ်မည့်အိမ်ရာများ ဖြည့်ဆည်းပေး နိုင်မည့်အပြင် ငှားရမ်းခဝင်ငွေများ နိုင်ငံတော်ဘဏ္ဍာငွေသို့ ပြန်လည်စီးဝင်လာမည်ဖြစ်ကြောင်း၊ Phase (1) ၏ တည်ဆောက်ရေး လုပ်ငန်းများ မတ်လနှင့် ဧပြီလတွင် ပြီးစီးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများ၌ ကြုံတွေ့နေရသည့် အခက်အခဲများကို ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြစေလိုကြောင်း၊ အငှားအိမ်ရာ ချထားပေး နိုင်ရေးအတွက် အိမ်ခန်းအငှားချထားရေး မူဝါဒများကိုလည်း ကြိုတင်ချမှတ်ထားရန် အကြံပြုဆွေးနွေးကြစေလိုကြောင်း ပြောကြားသည်။

 

ထို့နောက် ဦးစီးကော်မတီ အတွင်းရေးမှူး၊ ဒုတိယဝန်ကြီး ဦးမင်းထိန် က ပြည်သူ့အငှား အိမ်ရာစီမံကိန်း လုပ်ငန်းများကို နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် ပုဂ္ဂလိကလုပ်ငန်းရှင် အသင်းအဖွဲ့များနှင့် ပူးပေါင်း၍  လုပ်ငန်းများအရှိန်အဟုန်ဖြင့်  ဆက်လက်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို လည်းကောင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း က စီမံကိန်း ဆောင်ရွက်ရာတွင် ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲရေးဆိုင်ရာ ဘဏ္ဍာရေးစည်းမျဉ်း၊ စည်းကမ်းများ၊ ငှားရမ်းနေထိုင် ခွင့်ဆိုင်ရာ အခြေခံမူများ၊ အိမ်ခန်းလျှောက်ထားသူများအတွက် သတ်မှတ်ချက်များ၊ SOP စနစ်တကျရေးဆွဲရေး၊ လုပ်ငန်းပိုင်းဆိုင်ရာ အသေးစိတ်သိရှိလို သည်များ မေးမြန်းဆွေးနွေးခြင်း၊ အတည်ပြုချက်နှင့် ဆုံးဖြတ်ချက်များ ချမှတ်ခြင်းများနှင့် စပ်လျဉ်း၍လည်းကောင်း ဆွေးနွေးတင်ပြကြသည်။

 

ထို့နောက် ဦးစီးကော်မတီအတွင်းရေးမှူး က ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မန္တလေး မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် နေပြည်တော်ကောင်စီတို့မှ  အကြံပြုဆွေးနွေး တင်ပြမှုများအပေါ် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသည်။

 

ကိုဗစ်-၁၉ ကာလ စီးပွားရေးကုစားမှုအစီအစဉ်အရ ပြည်သူများ အလုပ်အကိုင်အခွင့် အလမ်းများ ရရှိစေရန်နှင့် ဝင်ငွေနည်းပြည်သူများ၏ နေထိုင်ရေးဖြေရှင်းပေးနိုင်ရန် ပြည်သူ့အငှား အိမ်ရာစီမံကိန်း အခန်း(၁၀၀၀၀) စီမံကိန်းမှ Phase (1) အဖြစ် နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးတို့တွင် အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိရာ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်တွင် အိမ်ရာအခန်းပေါင်း (၄၄၈)ခန်း၊ အဆောက်အဦ (၂၈)လုံး၊ ရန်ကုန်မြို့၊ ဒဂုံတောင်မြို့နယ်တွင် အိမ်ရာအခန်းပေါင်း (၃၁၀၄) ခန်း၊ အဆောက်အဦ (၁၉၄)လုံးနှင့် မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်တွင် အိမ်ရာအခန်းပေါင်း (၁၄၅၆)ခန်း၊ အဆောက်အဦ (၉၁)လုံး ၊  စုစုပေါင်း (၅၀၀၈)ခန်း ၊ အဆောက် အဦ (၃၁၃)လုံးကို အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိရာ မကြာမီ ပြည်သူများအား အငှားအိမ်ရာ များချထားပေးနိုင်ရန် လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)