နေပြည်တော် ဇန်နဝါရီ ၁၃

 

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး‌ ဒေါက်တာသက်ခိုင်ဝင်းသည် ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူ များနှင့်အတူ သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံကြီး၊ အစည်းဝေးခန်းမဆောင်၌ ဆေးရုံအုပ်ကြီး၊ အထူးကုဆရာ ဝန်ကြီးများ၊ အထူးကုဆရာဝန်များ၊ သူနာပြုများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ကမ္ဘာတစ်ဝန်းတွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ပိုး ပျံ့နှံ့လျက်ရှိပြီး မိမိတို့နိုင်ငံတွင်လည်း ပြည်ပမှပြန်လာသူများတွင် အိုမီခရွန်ပိုး စစ်ဆေးတွေ့ရှိနေပြီဖြစ်၍ ပြည်တွင်းကူးစက် ပြန့်ပွားမှုမရှိရန် အထူးအလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး အနည်းဆုံး တစ်ကြိမ်နှင့်အထက် ထိုးနှံပြီးသူ စုစုပေါင်း (၂၁)သန်းကျော်ရှိပြီး ဦးစားပေးအုပ်စုများအလိုက် ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ ပြည်ပမှ ဝင်ရောက်လာသူများကို အသွားအလာ ကန့်သတ်ထားရှိသည့် ဟိုတယ်များနှင့် ကွာရန်တင်းစင်တာများအနေဖြင့် စည်းမျဉ်းစည်းကမ်းနှင့်အညီ လိုက်နာဆောင်ရွက်နိုင်ရန် ကြီးကြပ်သွားရမည်ဖြစ်ကြောင်း၊ ဆေးရုံများအနေဖြင့်လည်း ကိုဗစ်-၁၉ ရောဂါ နောက်ထပ်လှိုင်းဖြစ်ပွား လာပါက လူနာများလက်ခံကုသနိုင်ရန် ဆေးရုံခုတင်များ၊ အထူးကြပ်မတ်ကုသဆောင်(ICU/HDU) ခုတင်များ နှင့် အောက်ဆီဂျင် လိုအပ်ချက်များကို တိုးချဲ့၍ ကြိုတင်ပြင်ဆင်ထားရမည်ဖြစ်ကြောင်း။

 

 ကိုဗစ်-၁၉ ရောဂါကုသမှုအတွက် ပြင်ဆင်ဆောင်ရွက်သကဲ့သို့ ဆေးရုံ၏ ပုံမှန်ဆေးကုသရေး လုပ်ငန်းများကို လည်း အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ပြည်သူလူထုမျက်နှာကို ထောက်ရှု၍ အကောင်းဆုံး ဆောင်ရွက်စေလိုကြောင်း၊ ဆေးတက္ကသိုလ် ဘွဲ့လွန်သင်တန်းများနှင့် ဆေးတက္ကသိုလ် နောက်ဆုံးနှစ်အပိုင်း(ခ) သင်တန်းများလည်း ဖွင့်လှစ်လျက်ရှိပြီး ဖွင့်လှစ်ရန်ကျန်ရှိသည့် ဆေးတက္ကသိုလ်သင်တန်းများကိုလည်း အချိန်နှင့်တပြေးညီ ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်သဖြင့် လိုအပ်လျက်ရှိသည့် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

 

ယင်းနောက် ဆေးရုံအုပ်ကြီး ဒေါက်တာဒေါ်သန်းလှက သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံကြီး၌ ဆောင်ရွက်လျက်ရှိ သည့် ဆေးရုံလုပ်ငန်းများနှင့် ပတ်သက်၍လည်းကောင်း၊ ပါမောက္ခ/ဌာနမှူးများက ဌာနတစ်ခုချင်းစီအလိုက် လုပ်ငန်းဆောင်ရွက်မှုများကိုလည်းကောင်း ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူ များက ပြန်လည်ဆွေးနွေးကြပြီး လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် သင်္ဃန်းကျွန်း ပြည်သူ့ဆေးရုံကြီးဝင်းအတွင်း အထူးကြပ်မတ် ကုသဆောင်(ICU)များတွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများထားရှိနိုင်ရန် ပြင်ဆင် ဆောင်ရွက်ထားရှိမှုကိုလည်းကောင်း၊  အစာအိမ်နှင့် အူလမ်းကြောင်း မှန်ပြောင်းကြည့်ဌာနတွင် လူနာများကို ရောဂါရှာဖွေကုသနေမှုနှင့် အစာအိမ်နှင့် အူလမ်းကြောင်းကြည့် မှန်ပြောင်းများ ပိုးသန့်စင်မှုကိုလည်းကောင်း၊ ကျောက်ကပ်သွေးသန့်စင်ဌာနတွင် နာတာရှည် ကျောက်ကပ်ရောဂါလူနာများကို ကျောက်ကပ်သွေးသန့်စင်မှု လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့်အရေးပေါ် ကျောက်ကပ်သွေးသန့်စင်မှု ဆောင်ရွက်နိုင်မှုတို့ကိုလည်းကောင်း လှည့်လည်ကြည့်ရှုပြီး စက်ပစ္စည်းများ မပျက်စီးစေရေး စနစ်တကျထိန်းသိမ်းထားရှိရန် မှာကြားကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းပေးသည်။

 

သင်္ကန်းကျွန်းပြည်သူ့ဆေးရုံကြီးတွင် အတွင်းလူနာစုစုပေါင်း (၁၉၉)‌‌ယောက် တက်ရောက်ကုသလျက်ရှိပြီး နေ့စဉ် အရေးပေါ်နှင့် အထွေထွေပြင်ပလူနာ (၉၀)ကျော်နှင့် အထူးကုပြင်ပလူနာ (၉၀)ကျော်တို့ကို ကြည့်ရှုကုသပေးလျက်ရှိကာ ပြည်သူလူထုအတွက် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ (၂၄)နာရီ အချိန်ပြည့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)