ညောင်ဦး   ဇန်နဝါရီ   ၁၄

 

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့ရှိ စက်စက်ယိုကျေးရွာလေးသည် ငါ့သရောက်မြို့တောင်ဘက် ငါးမိုင်ခန့်အကွာတွင် တည်ရှိပြီး ညောင်ဦး-ပုပ္ပား ဗျတ္တပန်းဆက် လမ်းမကြီး၏ မြောက်ဘက် ဂျမ်းလှီးရွာမှ သွားရပြီး ခေတ်အဆက် ဆက်ထားရှိခဲ့သော မြန်မာ့ဆံကေသာ ပုံစံအမျိုးမျိုးကို ယနေ့အချိန်ထိ ထိန်းသိမ်းထားသည့် ကျေးရွာတစ်ရွာဖြစ်ကြောင်း ငါ့သရောက်မြို့ မြို့အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဝင်းက ပြောပြသည်။

 

ညောင်ဦးမြို့နယ် ငါ့သရောက်မြို့ စက်စက်ယိုကျေးရွာရှိ လူငယ်လူရွယ်များသည် မြန်မာ့ဆံကေသာ နာမည်များဖြစ်သည့် သျှောင်ပေစူးခေါ် ဆံရစ်ဝိုင်းဆံကေသာထားရှိခြင်း၊ ဦးစွန်းဘုတ်ကေခေါ် ခွက်မောက်ဆံကေသာ၊ ကြက်တောင်စည်း ထားရှိခြင်းများသည် မြန်မာ့ရိုးရာ ယဉ်ကျေးမှုကို မြတ်နိုး တန်ဖိုးထားကာ ခေတ်အဆက်ဆက်ထားလာခဲ့သော ကျေးလက်ယဉ်ကျေးမှုစရိုက်အား ထိန်းသိမ်း ထားရှိခြင်းပင်ဖြစ်ကြောင်းသိရသည်။ စက်စက်ယိုကျေးရွာရှိ လူကြီး၊ လူငယ်၊ လူလတ်များ၏ သျှောင်ပေစူး၊ ဦးစွန်းဘုတ်၊ ကြက်တောင်စည်း ထားခြင်းများမှာ အစဉ်အလာဖြစ်နေပြီး အဘိုးကြီးများမှာလည်း သျှောင်ကြီးဗွေထားရှိသေးကြောင်း စက်စက်ယိုကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်က ရှင်းပြသည်။

 

စက်စက်ယိုကျေးရွာမှာ တစ်ချိန်က ရေအလွန်ရှားပါးခဲ့သော်လည်း ယခုအခါ စက်ရေတွင်းတူးဖော်ကာ ရေစင်တည်ဆောက်ပြီး အိမ်တိုင်းအိမ်တိုင်း အိမ်ပေါက်စေ့အရောက် ရေငုတ်များ တပ်ဆင်သုံးစွဲ နေပြီဖြစ်ပြီး ကျန်းမာရေး ဆေးပေးခန်းနှင့် ကျေးလက်စာကြည့်တိုက်များပါ ရှိနေပြီဖြစ်ကြောင်း သိရသည်။

 

မောင်မောင်ထိန်(ကျောက်ပန်းတောင်း)