ဝန်းသို ဇန်နဝါရီ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်တွင် ပြောင်းလဲလာသော စိုက်ပျိုးရေးပုံစံနှင့်အညီ စိုက်ပျိုးရေး လုပ်ကိုင်သူ များသည် ယခင်ကကဲ့သို့ သီးနှံ(သို့)ပန်းမန်များကို ပုံသေစိုက်ပျိုးခြင်းအစား စျေးကွက်လိုအပ်ချက်နှင့်အညီ ရာသီအလိုက် သီးနှံများ၊ ပန်းမန်များကို ပြောင်းလဲစိုက်ပျိုးလာကြကြောင်း စိုက်ပျိုးရေးလုပ်ကိုင်သူများက သုံးသပ်ပြောပြသည်။
"ပန်းမုံလာ ဆိုပါစို့၊ ရောင်းတန်းဝင်တဲ့အချိန်မှာ အနိမ့်ဆုံး တစ်ပွင့် ၃၀၀ ကျပ် ရရှိနိုင်ပြီး ထို ၃၀၀ ထဲမှာ အပင်ရဲ့ ရင်းနှီးစရိတ် ကျပ် ၇၀ ကိုဖယ်ပါက အမြတ်ငွေမှာ ၂၀၀ ကျပ်ခန့်ရရှိကြောင်း အုပ်ဖိုးကျေးရွာ ရာသီ သီးနှံ၊ ပန်းမန်စိုက်ပျိုးသူ ကိုမြင့်ထွန်းက ပြောပြသည်။ "အဲဒီ ၃၀၀ ကျပ်ထဲက ၇၀ ကျပ်ကို ရင်းနှီးစရိတ်ထားရင် အမြတ်က တစ်ပွင့် ၂၃၀၊ အပင် ၄၀၀၀ ဆိုတော့ တွက်သကြည့်ပေါ့ဗျာ။ ဒီကြားထဲ အပွင့်ကြီးတစ်ပွင့်ကို ၆၀၀ မှ ၈၀၀ ကျပ်အထိ ရရှိနိုင်သေးတယ်”ဟို ဆိုသည်။
သီးနှံပုံစံပြောင်းလဲစိုက်ပျိုးသည့်အတွက် မြေသဘာဝပျက်စီးဆုတ်ယုတ်မှုကို ကာကွယ်နိုင်ပြီး သီးနှံများ ပိုးမွှားရောဂါ ကျရောက်မှုနည်းသဖြင့် သီးနှံများ အောင်မြင်ဖြစ်ထွန်းကာ ကုန်ကျစရိတ် သက်သာသည့်အပြင် အမြတ်ငွေ များများရရှိကြောင်း သိရသည်။
မြင့်ထွန်းမင်း(ကောလင်း)


