မင်းဘူး ဇန်နဝါရီ ၁၄
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားကြီးတွင် တည်ဆောက် လျက်ရှိသော ဓာတ်လှေကားတာဝါ ဆောက်လုပ်နေမှု လုပ်ငန်းများအားလုံး ၉၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီ ဖြစ်ကြောင်း ဓာတ်လှေကား ဆောက်လုပ်ရေးကုမ္ပဏီ Project မန်နေဂျာ ဦးသန်းလွင်ထံမှ သိရသည်။
ဓာတ်လှေကားတာဝါ (Lift Tower နှင့် Walk Way Bridge) တည်ဆောက်ရေး Phase-1 အပိုင်းကို ယခုလက်ရှိ ဓာတ်လှေကား ဘုံဆောင်အမိုး မိုးရန်ပြင်ဆင်နေပြီး လျှောက်လမ်းတွင် မြန်မာမှုလက်ရာ ပန်းဆွဲ အလှဆင်ခြင်း လုပ်ငန်းများနှင့် နတ်လမ်းတည်ဆောက်နေကြောင်း၊ လျောက်လမ်းကြမ်းခင်း တာရာစိုခင်းခြင်း၊ ဓာတ်လှေကား အတွင်းအပြင် ဆေးသုတ်ခြင်း၊ မျက်နှာကြက် မီးလိုင်းသွယ်တန်း တပ်ဆင်ခြင်း၊ ဓာတ်လှေကားဝန်းကျင် ကျောက်စီမြေကာနံရံနှင့် ရေမြောင်းတည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေကြောင်း၊ ဓာတ်လှေကားအိမ် တည်ဆောက်ရေး Phase-1 အပိုင်းအနေဖြင့် အချောသတ်လုပ်ငန်းများအားလုံး ယခု ဇန်နဝါရီလကုန်တွင် ပြီးစီးမည်ဖြစ်ပြီး ယနေ့အထိ ၉၀ ရာခိုင်နှုန်းနီးပါး ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း Kyaw Thar Engineering Construction Group ကုမ္ပဏီမှ Project မန်နေဂျာ ဦးသန်းလွင်က ပြောပြသည်။
မန်းရွှေစက်တော်ဘုရား ဓာတ်လှေကားတာဝါကို Phase-1 အဖြစ် နှစ်ကျိပ်ရှစ်ဆူစေတီတော်အနီးမှ ကိုးခန်းကြီး ဘုရားအထိ (အလျား ပေ ၂၁၀ x အမြင့် ၁၁၉ ပေ x အကျယ် ၁၂ ပေ)ရှိပြီး ဘုရားကြီး ဘဏ္ဍာငွေမှ ခွင့်ပြုငွေကျပ် သိန်း ၁၆၀၀၀ ခန့်ဖြင့် တည်ဆောက်နေကြောင်း၊ ဓာတ်လှေကား Phase-2 အပိုင်းကို AGT ကုမ္ပဏီက စပိန်နိုင်ငံထုတ် Orona ဓာတ်လှေကားအမျိုးအစား Lift Tower နှစ်စင်းကို ခွင့်ပြုငွေကျပ် သိန်း ၂၃၀၀ ခန့်ဖြင့် အတက်နှင့် အဆင်းဟူ၍ တပ်ဆင်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ဓာတ်လှေကားတစ်စင်းကို လူ ၂၀ နှုန်းဖြင့် စုစုပေါင်း လူ ၄၀ လိုက်ပါစီးနင်းနိုင်မည်ဖြစ်ပြီး ဓာတ်လှေကားတည်ဆောက်ရေး လုပ်ငန်းအားလုံး ဖေဖော်ဝါရီ လကုန်တွင် ပြီးစီးနိုင်မည်ဟု ခန့်မှန်းထားကြောင်း၊ ဓာတ်လှေကား ပြီးစီးသွားပါက သက်ကြီးဘိုးဘွားများ၊ ကလေးသူငယ်များနှင့် မသန်စွမ်းသူများအပြင် ဘုရားဖူး မိဘပြည်သူများအနေဖြင့် အလွယ်တကူ တက်ရောက် ဖူးဖြော်နိုင်မည်ဖြစ်ကြောင်း မန်းရွှေစက်တော်ဘုရား ဂေါပကအဖွဲ့ထံမှ သိရသည်။
မောင်မောင်(မင်းဘူး)


