ဆီဆိုင်   ဇန်နဝါရီ   ၁၄

 

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ် ရေအရင်းအမြစ် အသုံးချရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမောင်မောင်လွင် နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများက ဇန်နဝါရီ ၁၃ ရက် နံနက်ပိုင်းက  မြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။

 

ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ဆီဆိုင်မြို့နယ်အတွင်း ရေရှားပါးသောကျေးရွာများသို့ ရေပေးဝေ နိုင်ရေးအတွက် လွယ်ပွတ်ကျေးရွာအုပ်စု၊ ထမ့်ဆိုင်ကျေးရွာရှိ ငုတ်ရေထွက်အား ကြည့်ရှု စစ်ဆေးခြင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရန်ပုံငွေဖြင့် ဆောင်ရွက်သော မောက်မယ်လမ်းပိုင်းမှ ထူးကျန့်ကျေးရွာသို့ ဆက်သွယ်သော မြေသားလမ်း မိုင် ခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို Royal-47 ကုမ္ပဏီမှ ရှင်းလင်းတင်ပြရာ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များ လမ်းညွှန်မှာကြားပြီး ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များကို ရှင်းလင်းမှာကြားသည်။

 

ထို့နောက် ထမ့်ဆိုင်ကျေးရွာရှိ ငုတ်ရေထွက်မှ ဆောင်းငိုင်းကျေးရွာသို့ ရေသွယ်ယူနိုင်ရေးအတွက် ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်း၊ တွေပူးကျေးရွာရှိ ရေလှောင်ကန် အဆင့်မြင့်ဖော်ဆောင်နိုင်ရေး ကြည့်ရှုစစ်ဆေးခြင်းနှင့် မြို့နယ်လမ်းဦးစီးဌာန၊ မြို့နယ်ကျေးလက် ဦးစီးဌာနတို့နှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

 

မျိုးမြတ်(ဆီဆိုင်)