ပိုင်ကျုံ ဇန်နဝါရီ ၁၅

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် မိသားစုစားဝတ်နေရေး အဆင်ပြေစေရန်နှင့် တစ်ဖက်တစ်လမ်းမှ ၀င်ငွေပိုမိုရရှိစေရန်အတွက် တစ်ပိုင်တစ်နိုင် နနွင်းများ စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

ပိုင်ကျုံမြို့တွင် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများအပြင် မိသားစုတစ်ပိုင်တစ်နိုင် ဟင်းသီးဟင်းရွက် စိုက်ပျိုးခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိသည်။ ယခုအခါ မီးဖိုချောင်တွင် မရှိမဖြစ်လိုအပ်သည့် နနွင်းဥများ စတင်တူးဖော်ရောင်းချလျက်ရှိရာ နနွင်းဥများ ယခင်နှစ်ထက် အထွက်နှုန်း လျော့နည်းသော်လည်း နနွင်းဥ အစိုတစ်ပိဿာကို ငွေကျပ် ၁၀၀၀ မှ ၁၅၀၀ ထိ‌ ရရှိ‌ကြသည်။

နနွင်းမှုန့် အနံ့ကောင်းမွန်စေရေးအတွက် နနွင်းဥအစိုများကို နူးအောင်ပြုတ်ပြီး ခြောက်အောင်လှန်းရကြောင်း၊ နနွင်းအခြောက်များကို မောင်းထောင်း သို့မဟုတ် နနွင်းကြိတ်စက်ဖြင့် နနွင်းမှုန့်ဖြစ်အောင် ဆောင်ရွက်ရ‌ကြောင်း၊ နနွင်းမှုန့် နို့ဆီဘူး တစ်ဘူးလျှင် ငွေကျပ် ၅၀၀ ဖြင့် ရောင်းချလျက်ရှိကြောင်း ဒေသခံပြည်သူတစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။

နနွင်းများ စိုက်ပျိုးခြင်းကြောင့် မိသားစု၀င်ငွေပိုမိုရရှိသည့်အပြင် မိမိအိမ်နီးနားချင်းများကိုလည်း ပြန်လည်ဝေငှပေးနိုင်ကြောင်း သိရသည်။

ပိုင်ကျုံ (ပြန်/ဆက်)