မိုးညှင်း    ဇန်နဝါရီ ၁၅

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်ရှိ အင်းတော်ကြီးအိုင်သည် ဧရာဝတီမြစ်နှင့် ဆက်စပ်လျက်ရှိရာ ဧရာဝတီမြစ်အတွင်း၌ နေထိုင်ကျက်စားကြသည့် ငါးမျိုးစိတ်များ ဥဥသားပေါက်ရာ နေရာတစ်ခုဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာန အင်းတော်ကြီးဒေသရုံးခွဲမှ သိရသည်။

မြန်မာနိုင်ငံမြောက်ပိုင်းရှိ ချောင်းငယ်၊ မြစ်ငယ်များသည် ဧရာဝတီမြစ်အတွင်းသို့ စီးဝင်ကြပြီး ဧရာဝတီမြစ်အတွင်း၌ ငါးမျိုးစိတ် မျိုးစုံနေထိုင်ကျက်စားကြရာ ငါးမျိုးစိတ်အများစုသည် ရေသေတွင် ဥဥသားပေါက်လေ့ရှိကြ၍ ရေကြီးရေလျှံချိန် မိုးရာသီကာလ၌ အင်းတော်ကြီးအိုင်အတွင်းသို့ ဝင်ရောက်ပြီး ငါးမျိုးစိတ်ပေါင်းစုံတို့က သန်းနှင့်ချီကာ ဥဥသားပေါက်လေ့ရှိကြောင်း သိရသည်။

အင်းတော်ကြီးအိုင်သည် ဧရာဝတီမြစ်နှင့် ဆက်စပ်လျက်ရှိပြီး ၎င်းမြစ်အတွင်းရှိ ငါးမျိုးစိတ်များက ရွှေတောင်(ချောင်းဝ) ချောင်းမှတစ်ဆင့် အင်းတော်ကြီးအိုင်အတွင်းသို့ ဝင်ရောက်၍ ဥဥ၊ သားပေါက်၊ မျိုးပွားကြပြီးမှ ဧရာဝတီမြစ်နှင့် အခြားမြစ်ချောင်းများတို့ ပြန်လည်ပျံ့နှံ့ ကျက်စားလျက်ရှိသည်။ မြန်မာနိုင်ငံ၏ အကြီးဆုံးရေချိုအိုင်၊ အရှေ့တောင်အာရှတွင် တတိယအကြီးဆုံးအိုင်ဖြစ်ပြီး နို့တိုက်သတ္တဝါမျိုးစိတ် (၃၀)ကျော်၊ ကုန်းနေရေနေနှင့် တွားသွားသတ္တဝါ မျိုးစိတ်(၈၀)ကျော်၊ ငှက်မျိုးစိတ် (၃၀၀)ကျော်နှင့် ငါးမျိုးစိတ်(၉၀)ကျော်တို့ နေထိုင်ကျက်စားလျက်ရှိသည်။

ဇွဲသူရအောင်(ပြန်/ဆက်)