နေပြည်တော် ဇန်နဝါရီ  ၁၆

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်အတွင်းရှိ ငါးဖမ်းလုပ်ငန်း၊ ငါးပုဇွန် မွေးမြူရေးလုပ်ငန်းနှင့် ဒေသအတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် စီမံကိန်းများအား ရှင်းလင်းတင်ပြခြင်း အခမ်းအနားအား ယနေ့မွန်းလွဲပိုင်းတွင် မြိတ်မြို့ရှိ မြိတ်ကော်ပိုရေးရှင်း အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမီတက် ရုံး၌ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက်သည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့်အတူ ခရီးစဉ်တွင်  လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်တိုင်းမှူး၊  တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြိတ်ခရိုင်အတွင်းရှိ ငါးပုဇွန်မွေးမြူရေး လုပ်ငန်းရှင်များ နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ မြိတ်ကော်ပိုရေးရှင်း အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်ဥက္ကဋ္ဌ ဦးလှသန်းက နယ်စပ်ကုန်သွယ်ရေး အခြေအနေများ၊ စက်မှုဇုန်များဆောင်ရွက်မှုအခြေအနေများ၊ မြိတ်ဒေသရေလုပ်ငန်းနှင့် ပတ်သက်၍ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေများ၊ ထုံခါ-သဲဖြူ-မောတောင်လမ်း တည်ဆောက်နေမှု၊ မောတောင်နယ်စပ် ကုန်သွယ်ရေးဂိတ် ဆောင်ရွက်မှုအခြေအနေများ၊ ပုဇွန်မွေးမြူရေးလုပ်ငန်း ဆောင်ရွက်မှု အခြေအနေများ၊ ကမ်းနီးကမ်းဝေးငါးဖမ်း စက်လှေများအခြေအနေ၊ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်မည့် စီမံကိန်း များကိုလည်းကောင်း၊ မြိတ်မြို့နိုင်ငံတကာအဆင့်မီ ငါးလေလံဈေးနှင့် စက်မှုဇုန် စီမံကိန်းတာဝန်ခံ ဦးဟန်ထူးအောင်က စီမံကိန်းတည်ဆောက်ရခြင်း၏ရည်ရွယ်ချက် များ၊ စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မည့်အခြေအနေများကို Video Clip ဖြင့်လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး ငါးဖမ်းလုပ်ငန်း၊ ငါးပုဇွန်မွေးမြူရေး လုပ်ငန်းနှင့်ပတ်သက်၍ တနင်္သာရီ တိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ် အတွင်းရေးမှူး ဦးသက်စိုးက ကမ်းဝေး၊ ကမ်းနီးငါးဖမ်းလှေများ၏ အခြေအနေများ၊ ကမ်းဝေး ငါးဖမ်းလှေများကို VMS များ တပ်ဆင်ပေးမှုအခြေအနေများ၊ နှစ်အလိုက်ပြည်ပသို့ ရေထွက်ပစ္စည်းများတင်ပို့မှုနှင့် စနစ်တကျဖြစ်စေရေး ကြပ်မတ် စစ်ဆေးဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ ငါး၊ ပုစွန်၊ ဂဏန်းပျော့၊ ဂျင်းခရုနှင့် ပင်လယ်ရေမှော်များ မွေးမြူမှုအခြေအနေများကိုလည်းကောင်း၊ မြိတ်ကော်ပိုရေးရှင်း အများနှင့်သက်ဆိုင် သော ကုမ္ပဏီလီမိတက် စီမံကိန်းဒါရိုက်တာ ဦးအေးမင်းအောင်က  တင်္သာရီမြို့နယ် နှင့် မြိတ်မြို့နယ်တို့တွင် BBWI & MCPC ကုမ္ပဏီလီမိတက်မှ အကောင်အထည် ဖော်ဆောင်ရွက်မည့် မြိတ်ခရိုင်စီမံကိန်းနှင့် ပတ်သက်၍လည်းကောင်း အသီးသီးရှင်း လင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က ငါးလေလံဈေးနှင့်စက်မှုဇုန်တည်ဆောက်ရေးအတွက် ၂၀၂၁ ခုနှစ် မြိတ်မြို့ခရီးစဉ်အတွင်း နေရာရွေးချယ်ဆောင်ရွက်ပေးခဲ့ကြောင်း၊ စီမံကိန်း ဆောင်ရွက်ရန်အတွက် နိုင်ငံတော်အစိုးရမှ ခွင့်ပြုပေးပြီးဖြစ်၍ ပထမအဆင့်အနေဖြင့် ငါးလေလံဈေးအား ဦးစားပေးတည်ဆောက်ရန်လိုကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးသည် ဆန်ဖူလုံမှုမရှိသည့်အတွက် စီမံကိန်းများဆောင်ရွက်ရာတွင် လယ်မြေများအား အသုံးမပြုရန်နှင့် မြေကိုအကျိုးရှိစွာအသုံးချနိုင်ရန်လိုကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံ၏ စားရေရိက္ခာပေါများစေရန်အတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ မြိတ်ဒေသအတွင်း စပါးအထွက်နှုန်းများတိုးတက်အောင် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း၊ စားသောက် ကုန်ပစ္စည်းများအား ပြည်တွင်း၌ လုံလောက်စွာ ထုတ်လုပ်နိုင်မည်ဆိုပါက ပြည်ပသွင်းကုန်များကိုလျှော့ချနိုင် မည်ဖြစ်သဖြင့် နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချနိုင်မည်ဖြစ်ကြောင်း။

ရေထွက်ကုန်ပစ္စည်းများအား တန်ဖိုးမြှင့်ထုတ်ကုန်များဖြစ်အောင် ပြည်တွင်း၌ ထုတ်လုပ်၍ ပြည်ပသို့တင်ပို့နိုင်ရန်လိုကြောင်း၊ မြိတ်ဒေသအတွင်းလျှပ်စစ်မီးလုံ လောက်စွာရရှိရေးအတွက်လည်း ရေအားလျှပ်စစ် ထုတ်လုပ်ရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး နိုင်ငံတော်မှ စီမံဆောင်ရွက်လျက်ရှိကြောင်း၊ အလားတူ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သဘာဝကပေးအပ်ထားသည့် အားသာချက်များကို အကျိုးရှိစွာအသုံးချ၍ အထွက်နှုန်းကောင်းစေရန် စနစ်တကျဖြင့်မွေးမြူကြရန်လိုကြောင်း၊ မြိတ်မြို့ဆိပ်ကမ်းကိုလည်း နိုင်ငံတကာအဆင့်မီဆိပ်ကမ်း တစ်ခုဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်ရန်လိုကြောင်း။

မြိတ်မြို့ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြိတ်မြို့ရှိ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဝိုင်းဝန်း ဆောင်ရွက်ပေးစေလိုကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးအတွင်း သံရိုင်း၊ ကျောက်မီးသွေးနှင့် ထုံးကျောက်များစွာရှိသဖြင့် ရေလုပ်ငန်းတစ်ခုတည်းကိုသာမက အခြားစက်မှုလုပ်ငန်းများကိုလည်း ဆောင်ရွက်ရန်တိုက်တွန်းလိုကြောင်း၊ အလားတူ တနင်္သာရီတိုင်းဒေသကြီးအား ဆီအိုးကြီးအဖြစ် သတ်မှတ်ထားကြောင်း၊ ထို့ကြောင့် တနင်္သာရီတိုင်း ဒေသကြီးအတွင်း ဆီအထွက်နှုန်း ကောင်းမွန်စေရေးအတွက် လုပ်ငန်းရှင်များအနေဖြင့် တာဝန်ရှိသူများနှင့်ပူးပေါင်း၍ ဝိုင်းဝန်းဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် အား မြိတ်ကော်ပိုရေးရှင်း အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်ဥက္ကဋ္ဌ ဦးလှသန်း နှင့်တာဝန်ရှိသူများက မြိတ်မြို့ဓာတ်ပုံအား အမှတ်တရပေးအပ်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် အခမ်းအနား တက်ရောက်လာကြသူများအား ရင်းရင်းနှီးနီးနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)