ကျောက်ပန်းတောင်း   ဇန်နဝါရီ   ၁၆

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်၌ ဆောင်းကြက်သွန်နီ ပြန်လည် စိုက်ပျိုးချိန်ထိ ဈေးနှုန်းကျဆင်းနေခြင်းကြောင့် တောင်သူများ လက်ထဲမှ ကြက်သွန်များ အချိန် မလွန်ခင် ရသည့်ဈေးနှုန်းဖြင့် ရောင်းချရနိုင်ကြောင်း ကျောက်ပန်းတောင်းမြို့  ဦးစိန်ပွဲရုံမှ ဦးထွန်းရှိန်၏ ပြောကြားချက်အရ သိရသည်။

ကျောက်ပန်းတောင်းမြို့နယ် ကြက်မောက်တောင်ဆည်ဝန်းကျင် ကျေးရွာများသည် ဆောင်းကြက်သွန်နီ ခေါ် လှောင်ကြက်သွန်များကို အမြောက်အမြား စိုက်ပျိုးကြပြီး ယခုနှစ်တွင် ကိုဗစ်-၁၉ ရောဂါကြောင့် သာရေး/နာရေး ပွဲများနှင့် ပြည်ပထွက်ပေါက်မရှိခြင်းများက ကြက်သွန်စိုက် တောင်သူများကို အထိနာစေခဲ့ကြောင်း ကြက်သွန်စိုက်တောင်သူများက ရှင်းပြသည်။ ဆောင်းကြက်သွန် တစ်သီးစိုက်ပျိုး ချိန် ကြက်သွန်စင်ပေါ်ရောက်သည်ထိ နှစ်ပတ်လည်အချိန်ကြာမြင့်ကြောင်း၊ ကြက်သွန် ပျိုးထောင်ခြင်း များကို သီတင်းကျွတ်၊ တန်ဆောင်မုန်းလတို့တွင် စတင်ကြ ပြီး ကြက်သွန်ပျိုးသက် ၄၅ ရက်တွင် စိုက်မည့်အခင်းထဲ ရွေ့ပြောင်းစိုက်ပျိုးကြကာ ချောင်း ကြက်သွန်ခင်းများ နံနက် ည ရေနှစ်ကြိမ် ဖျန်းလောင်းရပြီး ကုန်းကြက်သွန် စိုက်ပျိုးသူများ မြောင်းဖြင့် ရေသွင်းစိုက်ပျိုးပါက ငါးရက်တစ်ကြိမ် ရေသွင်းကြောင်း၊ ရေဖျန်းပါက နှစ်ရက်တစ်ကြိမ် ဖျန်းပေးရကြောင်း သိရသည်။ 

ကြက်သွန်စိုက်ပျိုးချိန် စရိတ်စကအလွန်ကြီးမြင့်ကာ နွားရှဉ်းထွန်ရက်ခအဖြစ် တစ်မနက် ၁၀၀၀၀ ကျပ်၊ ထွန်စက်ထွန်ခ တစ်နာရီ ၂၀၀၀၀ ကျပ်၊ ကြက်သွန်စိုက်သမတစ်ဦး တစ်နာရီ ၁၀၀၀ ကျပ် (မိမိစိုက် နိုင်သလောက် နာရီဖြင့် တွက်ပေး)၊ လုပ်သားတစ်ဦး ၈၀၀၀ ကျပ်၊ မြေဆီနွားချေ ပုဇဉ်းခေါင်း ထော်လာဂျီ တစ်စီး ၃၅၀၀၀ ကျပ်၊ ကြက်သွန်မျိုးစေ့တစ်ပြည် ၄၀၀၀၀ ကျပ်၊ ငုံးချေးကြက်ချေးမြေဆီ တစ်တင်းခွဲဆံ့တစ်အိတ် ၄၀၀၀ ကျပ်၊ နှမ်းဖတ်အမှုန့်ကြဲပက်ခြင်း၊ စက်ဆီဖိုး၊ ရွက်ဖျန်းဆေး၊ ကြက်သွန် နှုတ်ခ၊ သယ်ယူခနှင့် လုပ်အားခပေါင်းပါက ကြက်သွန်တစ်ဧက စိုက်ပျိုးစရိတ် လှောင်စင်ပေါ် ရောက်သည်အထိ သိန်း ၂၀ ခန့် ကုန်ကျစရိတ်ရှိကြောင်း လဲဂွကျေးရွာ ကြက်သွန်စိုက်တောင်သူ ဦးတင်ထွန်းအောင်က ရှင်းပြသည်။

ကျောက်ပန်းတောင်းမြို့နယ်မှ ကြက်သွန်စိုက်တောင်သူများသည် ယခုနှစ်တွင် ကြက်သွန်တစ်ပိဿာ ၃၀၀ ကျပ်သာအများဆုံးရောင်းချခဲ့ရပြီး ယခုဈေးနှုန်း ကြက်သွန် တစ်ပိဿာ ၃၅၀ မှ ၄၀၀ ကျပ်သာ ရောင်းချနေရခြင်းကြောင့် ကြက်သွန်စိုက် တောင်သူများ အရင်းအနှီးပင် ခက်ခဲသည့် နှစ်တစ်နှစ် ဖြစ်ခဲ့ကြောင်း မုန့်ကုန်းကျေးရွာ ကြက်သွန်စိုက်တောင်သူ ဦးနန်းတင်ကပြော၍သိရကာ ဆောင်း ကြက်သွန်မျိုး ပျိုးထောင်ပြီးချိန်ထိ ကြက်သွန်ဈေးနှုန်း ကျဆင်းနေခြင်းကြောင့် အရှုံးများသည့် နှစ်တစ်နှစ် ဖြစ်ခဲ့ကြောင်း ဦးတင်ထွန်းအောင်က ပြောပြသည်။

မောင်မောင်ထိန်(ကျောက်ပန်းတောင်း)