မုဒုံ   ဇန်နဝါရီ   ၁၆

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကော့ခိုက်ကျေးရွာတွင် ဂန္ဓမာပန်းများကို တစ်ပိုင်တစ်နိုင် စီးပွားဖြစ် စိုက်ပျိုးကြပြီး နေ့စဉ်ပုံမှန်ဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း အဆိုပါ ကျေးရွာနေ ပန်းစိုက် တောင်သူများထံမှ သိရသည်။

“ကျွန်တော်တို့ ပန်းပျိုးပင်တွေကို တစ်လအကြာ ပျိုးထားပြီး စစိုက်တဲ့အချိန်မှ နှစ်လခန့်အကြာတွင် နုတ်ယူ ရောင်းချလို့ရပါတယ်၊ အခု ပန်းပင် သုံးသောင်းကျော်ကို စိုက်ပျိုးကုန်ကျစရိတ် သုံးသိန်း ဝန်းကျင်ရှိပြီး တစ်နေ့ကို ငွေကျပ် သုံးသောင်းနီးပါး ရရှိပါတယ်၊ ဂန္ဓမာပန်းများမှာ  တစ်ရိုး တစ်ပွင့်ပန်းနှင့် အခိုင်လိုက်ထားတဲ့ပန်းဆိုပြီး  နှစ်မျိုးရှိပါတယ်၊ ဂန္ဓမာပန်း၊ ကြွေဖြူ၊ ရွှေဝါ စတဲ့ ဂန္ဓမာပန်းအမျိုးအစားတွေကို အဓိက စိုက်ပါတယ်၊ မိုးတွင်းအချိန်မှာဆိုရင် ပန်းပင်တွေကို အမိုး မိုးစိုက်ရတဲ့အတွက်ကြောင့် အမြတ်နည်းပါတယ်၊ နွေရာသီကာလမှာဆိုလည်း ရေပြသနာကြောင့် နည်းနည်းပါးပါးပဲ စိုက်ပါတယ်၊ အခုလိုအချိန်မှာ ပန်းက အထွက်များပြီး စိုက်ရတာအဆင်ပြေပါ
တယ်”လို့  ပန်းစိုက်တောင်သူ ဦးဝင်းဌေးက ပြောပြသည်။

မုဒုံမြို့နယ်ဦ ကော့ခိုက်ကျေးရွာ၌ စိုက်ပျိုးရေးလုပ်ငန်းတွင် ပန်းများကို အဓိကထားစိုက်ပျိုးလုပ်ကိုင် ကြပြီး မေမြို့ပန်း၊ ဂန္ဓမာပန်း၊ ရွှေဝါပန်း စသည့် ပန်းအမျိုးအစားများကို မိမိတို့၏ ခြံဝင်း၊ လယ်ယာ မြေများတွင် တစ်ပိုင်တစ်နိုင် စီးပွားဖြစ်စိုက်ပျိုးကြကြောင်း သိရှိရသည်။

အောင်မျိုးသူ(ပြန်/ဆက်)