မင်းဘူး ဇန်နဝါရီ ၁၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ စကုမြို့မဈေးသစ်ကို ကျပ်သိန်း ၆၀၀၀ အကုန်ကျခံကာ အသစ်ပြန်လည်တည်ဆောက်ခဲ့ပြီး ရာနှုန်းပြည့် တည်ဆောက် ပြီးစီး၍ ဖွင့်လှစ်ရောင်းချ လျက်ရှိကြောင်း သိရသည်။
စကုမြို့မဈေးသစ်ကြီးကို အသစ်ပြန်လည်တည်ဆောက်နိုင်ရန်အတွက် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ အထွေထွေပိုလျှံရန်ပုံငွေမှ ခွင့်ပြုငွေကျပ် သိန်း ၆၀၀၀ ဖြင့် ၂၀၂၁ ခုနှစ်၊ မေ ၁၂ ရက်က စကုမြို့ဈေး အဟောင်းဆိုင်ခန်းများကို ဖျက်သိမ်းခဲ့ပြီး ဈေးအင်္ဂါရပ်နှင့်အညီ ဆောက်လုပ်ရေး လုပ်ငန်း ၂၇ ခုဖြင့် အသစ်ပြန်လည် တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အင်ဂျင်နီယာမှူး ဦးထွန်းကိုကိုထံမှ သိရသည်။
“ဈေးသစ်ကြီး တည်ဆောက်ရေလုပ်ငန်းအားလုံး ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၃၀ ရက်နေ့မှာ ရာနှုန်းပြည့် ပြီးခဲ့တဲ့အတွက် အောက်တိုဘာ ၁၄ ရက်နဲ့ ၁၅ ရက်နေ့မှာ ရောင်းကုန်အမျိုးအစားအလိုက် အများ ရှေ့မောက်မှာ ပွင့်လင်းမြင်သာစွာ မဲစနစ်နဲ့ နေရာချထားပေးခဲ့ပြီး နိုဝင်ဘာ ၁ ရက်မှာ ဈေးစတင်ရောင်းချခွင့် ပြုခဲ့တာပါ။ ဈေးသစ်ကြီးဖွင့်ပွဲကို ယခုလ ၁၀ ရက်မှာ ကျင်းပပြုလုပ်ခဲ့ပြီး မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နဲ့ တိုင်းဒေသကြီး ဝန်ကြီးတွေ တက်ရောက် ဖွင့်လှစ်ပေးခဲ့ပါတယ်”ဟု မြို့နယ်စည်ပင်သာယာရေး အဖွဲ့ အမှုဆောင်အရာရှိ ဦးဝင်းနိုင်က ပြောပြသည်။
အဆိုပါ ဈေးသစ်ကြီးတွင် ဈေးခေါင်းရုံး တစ်ရုံး၊ ဈေးရုံကြီး လေးရုံ၊ ပျံကျဈေးရုံအသေး ခြောက်ရုံ၊ ပျံကျဈေးရုံ အလတ် နှစ်ရုံနှင့် မှတ်ပုံတင်ဆိုင်ခန်း ၂၅၆ ခန်း ပါဝင်ပြီး ကုန်ခြောက်ဆိုင်၊ ကုန်မျိုးစုံဆိုင်၊ မြေအိုးဆိုင်၊ ပန်းဆိုင်၊ အထည်ဆိုင်၊ ကုန်စိမ်းဆိုင်၊ မုန့်ဆိုင်၊ ဆန်ဆိုင်၊ ကြက်သားတန်း၊ ငါးတန်း၊ အမဲရုံနှင့် ဝက်ရုံ စသည်ဖြင့် သတ်မှတ်နေရာ အသီးသီးတွင် ဖွင့်လှစ်ရောင်းချခွင့်ပေးခဲ့ပြီး ဈေးရောင်း ဈေးဝယ်များဖြင့် အဆင်ပြေလျက်ရှိကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)


