မြိတ် ဇန်နဝါရီ ၁၆
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်တွင် ပြည်ပမှ ကင်းမွန်ဈေးကောင်း ပေးဝယ်ယူမှုများကြောင့် ဈေးကောင်းရရှိသော်လည်း ယခုနှစ် ပွင့်လင်းရာသီတွင် ရာသီဥတု မူမမှန်ခြင်းများကြောင့် ကင်းမွန်မီးထွန်းလှေများ အခက်အခဲများကြုံ တွေ့နေရကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။
မေ၊ ဇွန်၊ ဇူလိုင်လများကို ယခုနှစ် ငါးသားပေါက်ရာသီအဖြစ် သတ်မှတ်ခဲ့ပြီး သြဂုတ်လမှ စတင်ကာ ငါးဖမ်းရာသီပြန်ဖွင့်ပေးခဲ့သော်လည်း ငါးဖမ်းရာသီအတွင်း၌ မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ လှိုင်းလေပြင်းထန်နေခြင်းများကြောင့် ကင်းမွန်မီးထွန်းလှေငယ်အချို့ ပင်လယ်ပြင်သို့ မထွက်ခွာနိုင်ခဲ့ကြောင်း သိရသည်။ ထိုသို့ ရာသီဥတုမူမမှန်ဘဲ မိုးဆက်လက် ရွာသွန်းနေခြင်းများ ရှိနေသည့်အတွက် ကင်းမွန်ရရှိမှုနည်းပါးနေကာ လုပ်ငန်းခွင်အတွင်း အခက်အခဲများကြုံတွေ့နေရခြင်းဖြစ်သည်။
“ဒီနှစ်ကတော့ ကင်းမွန်မီးထွန်းလှေအများစု စရိတ်တောင်မရတဲ့သူတွေ ရှိနေတယ်၊ ပါကေးငါး နည်းနည်းဖမ်းမိနေတော့ လှေအထွက်စရိတ်လေးတွေရအောင် အတော် လုပ်နေရတယ်၊ ဒီဇယ်ဆီ၊ ရေခဲနှင့် အခြေခံစားသောက်ကုန်တွေ ဈေးတက်တော့ အထွက်စရိတ်က နှစ်ဆအထိ ခုန်တက်သွားတယ်၊ ယခင်နှစ်က ကင်းမွန်လှေတစ်စီး ပင်လယ်ပြင်ကို ထွက်တော့မယ်ဆိုရင် အထွက်စရိတ် သိန်းတစ်ရာကျော်ရှိတယ်၊ ဒီနှစ်မှာ စရိတ်နှစ်ဆခုန်တက်သွားတော့ အထွက်စရိတ်က သိန်းနှစ်ရာကျော်အထိ ဖြစ်နေပြီ၊ ကင်းမွန်ကလည်း မရတော့ အတော်လေး အခက်အခဲကြုံတွေ့နေကြပါတယ်”ဟု မြိတ်ခရိုင် ကင်းမွန်လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။
ပင်လယ်ပြင်အတွင်း ရေစီးကြောင်းပြောင်းလဲမှု၊ ရာသီဥတုမူမမှန်မှုများကြောင့် ကင်းမွန်များ ရေပေါ်တက်လာခြင်းမရှိသလို စားကျက်ရွှေ့ပြောင်းသွားမှု များလည်း ရှိနေကြောင်း သိရသည်။ “ယခင်နှစ်က ကွမ်းသီးကျွန်း၊ ကွမ်းရွက်ကျွန်းနှင့် မြောက်ဘက်ပိုင်းတွေမှာ ကင်းမွန်တွေ အရများပါတယ်။ ဒီနှစ် အဲဒီရေပြင်တွေဘက်မှာ ကင်းမွန်တွေ မရှိသလောက်ပါပဲ၊ တောင်ဘက်ပိုင်းကို နေရာပြောင်းပြီး ဖမ်းနေရတယ်၊ အဲဒီဘက်မှာလည်း ကင်းမွန်တွေ အတော်လေးနည်းနေတယ်၊ ပေါင်းကျေးလို ရေပေါ်ငါးလေးတွေ အတွေ့များနေတယ်၊ ငါးအုပ်များနေတော့ ကင်းမွန်တွေ ရှားပါးနေပါတယ်၊ ရာသီဥတုကြောင့် ကင်းမွန်တွေ ရေပေါ်ကို သိပ်မတက်လာတော့ဘူး”လို့ ကျွန်းစုမြို့နယ်မှ ကင်းမွန်ရေလုပ်သား တစ်ဦး၏ ပြောပြချက်အရ သိရသည်။ ယခုနှစ် ကင်းမွန်ရာသီ၌ ကင်းမွန်ရှားပါးနေမှုကြောင့် ပြည်ပမှ ဈေးကောင်းပေး ဝယ်ယူလျက်ရှိရာ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံ ဝယ်လက်များက ကင်းမွန်တစ်ဗန်း (၁၁ ပိဿာဝင်)လျှင် ငွေကျပ် ၁၃၀၀၀၀ ကျော်အထိ ဈေးကောင်းဝယ်ယူလျက် ရှိနေကြောင်း သိရသည်။
မြင့်ဦး(မြိတ်)


