ရန်ကုန်   ဇန်နဝါရီ   ၁၆

ဗုဒ္ဓမြတ်စွာသာသနာတော်၏ အရင်းမူလရေသောက်မြစ်ဖြစ်သော ပရိယတ္တိသာသနာတော် စည်ပင်ပြန့်ပွား ထွန်းကား၍ ပရိယတ္တိအကျော်သံဃာတော်များ စဉ်ဆက်မပြတ် ပေါ်ပေါက်စေရန် စေတိယဂ်ဏပရိယတ္တိ ဓမ္မာနုဂ္ဂဟ စာလျှောက်မေးပွဲ ကျင်းပခြင်းနှင့် စာအောင်ဆုနှင်းသဘင် ကျင်းပပူဇော်ခြင်း အခမ်းအနားကို ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူး၍ နှစ်စဉ်ကျင်းပလျက်ရှိရာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်း ကျင်းပပြီးစီးခဲ့သော (၁၀၃)ကြိမ်မြောက် စေတိယဂ်ဏပရိပတ္တိ ဓမ္မာနုဂ္ဂဟ စာလျှာက်မေးပွဲ၌ အောင်မြင်တော်မူကြသည့် သာသနာ့အာဇာနည် သံဃာတော် ငါးပါးတို့အား ဘွဲ့တံဆိပ်တော်နှင့် အောင်လက်မှတ် ဆက်ကပ်
လှူဒါန်းပူဇော်ပွဲကို ဇန်နဝါရီ ၁၆ ရက် နံနက်ပိုင်းက ရွှေတိဂုံဘုရားရင်ပြင်တော် ရာဟုထောင့်ရှိ ချမ်းသာကြီး တန်ဆောင်း၌ ကျင်းပသည်။

အခမ်းအနားကို နမောတသ သုံးကြိမ်ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ သြဝါဒါစရိယ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာပဏ္ဍိတ ပါဠိတက္ကသိုလ် ညောင်တုန်းကျောင်းတိုက် ပဓာန နာယကဆရာတော်ထံမှ အခမ်းအနား တက်ရောက်ကြသူများက ငါးပါးသီလခံယူဆောက်တည်ကြသည်။

ထို့နောက် စေတိယဂ်ဏစာအောင်ဆုနှင်းသဘင် ကျင်းပရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ ဦးဌေးလှိုင်က ပူဇော်ပွဲကျင်းပရခြင်းအကြောင်း ဂုဏပူဇာမဂ်လာ လျှောက်ထားလွှာကို ဖတ်ကြားလျှောက်ထားပြီး သီးခြားစာချတန်း အောင် သုံးပါးနှင့် သီးခြားစာသင်တန်းအောင် နှစ်ပါး စုစုပေါင်း ငါးပါးတို့အား ဘွဲ့တံဆိပ်နှင့် အောင်လက်မှတ်များကို ရွှေတိဂုံစေတီတော် ဘဏ္ဍာထိန်းဂေါပကအဖွဲ့ဝင်များက ဆက်ကပ်ကြသည်။

ဆက်လက်၍ ရွှေတိဂုံစေတီတော် ဘဏ္ဍာထိန်းဂေါပကအဖွဲ့များနှင့် အလှူရှင်များက သြဝါဒါစရိယ ဆရာတော်ကြီးများ၊ ပင့်သံဃာတော်များအား လှူဖွယ်ဝတ္ထုနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်ကြပြီး အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ သ.စ.အ ဓမ္မာစရိယ(ဝဋံသကာ)၊ ပါဠိပါရဂူ၊စေတိယဂ်ဏ ပဝရသိရီ မဟာဓမ္မဂုရု၊ ဘဒ္ဒန္တ နာရဒါဘိဝံသ၊ လှရတနာဆရာတော်ထံမှ အနုမောဒနာတရားနာယူ၍ လှူဒါန်းမှုအစုစု တို့အတွက် ရေစက်ချ အမျှပေးဝေခဲ့ကြကြောင်း သိရှိရသည်။

အောင်မြင့်(ပြန်/ဆက်)