ရန်ကုန် ဇန်နဝါရီ ၁၆
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ (ဒုတိယမြို့တော်ဝန်) ဦးညီညီသည် ကော်မတီဝင် ဒေါက်တာငွေစန်း နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများနှင်အတူ ယမန်နေ့ နံနက် ၉ နာရီတွင် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်၊ ပြည်ညောင်ကျေးရွာအနီး မြို့တော်ဘိလပ်မြေစက်ရုံ (ပြည်ညောင်) တိုးချဲ့တည်ဆောက်ရေး စီမံကိန်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းလိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ရှေးဦးစွာ စက်ရုံရှင်းလင်းဆောင်၌ Excellent Fortune Development Group ၏ ဒါရိုက်တာ ဦးတေဇက စက်ရုံအဆင့်မြှင့်တင် တိုးချဲ့ဆောက်ရွက်သွားမည့် အစီအစဉ်၊ တစ်ရက်လျှင် တန် (၆၀၀၀) ကျ (၂) လိုင်း ဘိလပ်မြေစက်ရုံစီမံကိန်း အကောင်အထည်ဖော်မည့် လျာထားချက်များကို ရှင်းလင်းတင်ပြရာ ဒုတိယမြို့တော်ဝန်က လုပ်ငန်းများ ဆောလျှင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် ဒုတိယမြို့တော်ဝန်နှင့် တာဝန်ရှိသူများသည် စက်ရုံတည်ဆောက်မည့် မြေနေရာ ပြုပြင်ဆောင်ရွက်ထားရှိမှုကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး အလေးထား ဆောင်ရွက်ရန် မှာကြား၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
သတင်းစဉ်


