ရန်ကုန် ဇန်နဝါရီ ၁၆

 

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေးနှင့် စီးပွားရေးရာဝန်ကြီး ဦးအောင်သန်းဦးတို့သည် ယနေ့ နံနက် ၇ နာရီခွဲတွင် မှော်ဘီမြို့နယ် ဆန်စပါး သုတေသနဌာန မြေနေရာဝင်းအတွင်း ဆောင်ရွက်နေသော လှိုင်မြစ် - လှော်ကား ရေအားဖြည့်စီမံကိန်းသို့ ရောက်ရှိပြီး ယခုကာလသည် နွေစပါးအတွက် ရေခေါ်မြောင်း၊ ရေသွင်းမြောင်းများ Upgrade လုပ်နေရသည့် အချိန်ဖြစ်၍ ဧက ၁၀၀ အတွက် အကျိုးပြုနိုင်သည့်အပြင် ရန်ကုန်မြို့အတွက် လိုအပ်သည့် သောက်သုံးရေ ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ကြောင်းနှင့် မှော်ဘီမြို့အား ဖြတ်သန်းဆောင်ရွက်ရခြင်းဖြစ်၍ ပြန်လည်ပြုပြင် ဆောင်ရွက်မှုများကို မူလကထက် ပိုမိုကောင်းမွန်ရန် လုပ်ဆောင်ပေးရမည်ဖြစ်ကြောင်း မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

 

ထို့နောက် စီမံကိန်းလုပ်ငန်းခွင်အတွင်း မြေသားအကြို အနည်ထိုင်ကန် တည်ဆောက်ပြီးစီးမှု၊ ရေဝင်မြောင်း တူးဖော်နေမှု၊ ရေတွန်းစက်ရုံ Basement Wall သံချည်သံကွေး လုပ်ငန်းနှင့် ရေဂိတ်တံခါး Base Slab Lean Concrete လောင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု၊ ရေသန့်စင်ရန် Chemical Dosing Facilities တည်ဆောက်နေမှု၊ ရေတွန်းစက်ရုံ ဓာတ်အားခွဲရုံ တည်ဆောက်ပြီးစီးမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။ ယင်းနောက် မြို့ချောင်းလမ်းနှင့် ရေပေးမြောင်းဆုံရာ ကားလမ်းကူးတံတားနှင့် Pipe Syphon တည်ဆောက်ထားမှု၊ မြို့ချောင်းရွာအနီး ရေပေးမြောင်းတွင် Trifurcation, Bifurcation နှင့် မြောင်းခွဲအဆောက်အဦ ဆောင်ရွက်နေမှုနှင့် ၎င်းမှမြို့ချောင်းရွာ လှိုင်မြစ်ကမ်းဘေးရှိ ကန်ကလေးရေတင်စခန်း ရေပို့လွှတ်မည် နေရာတွင် အချင်း ၃၀ လက်မ MS မြစ်ရေတင် ပိုက်လိုင်း (၆) လိုင်း သွယ်တန်းထားမှု၊ ပန့်နှင့် မော်တာများ တပ်ဆင်အသုံးပြုနိုင်ရန် Pontoon (၃) ခု တည်ဆောက်ထားမှုနှင့် 33/3.3KV, 2.5MVA ကန်ကလေး လျှပ်စစ်မြစ်ရေတင် ဓာတ်အားခွဲရုံ တည်ဆောက်နေမှုတို့အား လိုက်လံကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

 

ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် မင်္ဂလာဒုံမြို့နယ်၊ မင်္ဂလာကန်သို့ သွားရောက်၍ မင်္ဂလာကန်ရေပိုလွှဲ Spill Way နှင့် ရေထုတ်မြောင်းအနီး အလျား ပေ ၁၂၀ ၊ အနံပေ ၅၀ ၊ ရေစုကန် တူးဖော်ပြီးစီးမှု၊ ခရေပင်လမ်း မျက်နှာစာ ကန်ပေါင်ပေါ်တွင် လူသွားစင်္ကြံ စက်ဘီးလမ်း ပြုလုပ်ရန် အရှည်ပေ ၁၂၀၀ ၊ အကျယ်ပေ ၂၀ ၊ မြေညှိပြုပြင် ပြီးစီးမှု၊ သစ်တောဦးစီးဌာန၊ မင်္ဂလာဒုံပျိုးဥယျာဉ်ဘက်အခြမ်း Aquamarine နှင့် Amphibious Excavator ယာဉ်များဖြင့် ဗေဒါ၊ ဒိုက်၊ ရေမှော်၊ ကိုင်းတောများ ရှင်းလင်းနေမှု၊ ကန်ပတ်လည် မြက်ပင်၊ ချုံနွယ်များ ရှင်းလင်းပြီးစီးမှုနှင့် အရိပ်ရပင်များ၏ အုပ်မိုးကိုင်းများ ရှင်းလင်း အလင်းဖွင့်ထားမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြား ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

သတင်းစဉ်